26 C
Yangon

ရန်ကုန်နှင့် ပဲခူးတွင် အုပ်ရေးမှူးများ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး မယားဖြစ်သူ သေဆုံးသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ မွန်း ၃ နာရီ ၄၅ မိနစ်တွင် ပြည်တော်သာရပ်ကွက်ရုံး၌ အုပ်ချုပ်ရေးမှူး မျိုးမင်းသန်း၊ မယားဖြစ်သူ မာလာမော်နှင့် ရုံးဝန်ထမ်း ၁ ဦးတို့ရှိနေစဉ် မြောက်ပိုင်းခရိုင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army (YUGA MO 7 Eagle) တို့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး မာလာမော်သည်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

” ဒီနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ရွှေပြည်သာမြို့နယ်လှော်ကားတာဆုံ ဘန်ကာအနီးမှာရှိတဲ့ အုပ်ချုပ်ရေးမှုးရုံးကို မြောက်ပိုင်းခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army (YUGA MO 7 Eagle) တို့က ပူးပေါင်းပြီး ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ အုပ်ကြီး ကတော့ မသေဘူး။ သူတို့ မယားကတော့ သေတယ်။ ရုံးအဖွဲ့ဝင် ၁ ဦးလည်း ကျည်ထိသွားတယ်” ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံသည် ရုံးထောက်ခံစာနှင့် ဧည့်စာရင်းလာတိုင်သည့် ပြည်သူများအပေါ် မောက်မာစွာဆက်ဆံပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေသောရုံးဖြစ်ကြောင်း ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ကျော်စွာ မှတ်တိုင် အနီးရှိ ကွမ်းယာဆိုင်မှ စစ်တပ် သတင်းဟု သတ်မှတ်ခံရသော လင်မယား ၂ ဦးကို ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ရက်နေ့ နံနက် ၆ နာရီ ၄၆ မိနစ်တွင် The Salvation Revolters အဖွဲ့မှ အကြမ်းဖက် စစ်တပ်နှင့် မပူးပေါင်းရန် အကြိမ်ကြိမ် သတိပေးမှုများ ပြုလုပ်ခဲ့သော လိုက်နာခြင်း မရှိသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း ရေတာရှည်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အောက်တိုဘာဘ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် ပိတောက်ခင်ကျေးရွာအုပ်စု သဲကောကျေးရွာမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နေမျိုးအားကို ရေတာရှည်မြို့ပြပျောက်ကြား ဖီးနစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး နေမျိုးကို ပြောက်ကျား တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်ချိန်၌ နေမျိုး၏ ဇနီးဖြစ်သူက တော်လှန်ရေး ရဲဘော်များကို ဦးစွာရန်မူ တိုက်ခိုက်ခဲ့သောကြောင့် စစ်ဆင်ရေးတွင် မပါဝင်သော်လည်း နေမျိုး၏ ဇနီးကိုပါ ပစ်ခတ်ခဲ့ရပြီး ဇနီးဖြစ်သူပါ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း ပေါက်ခေါင်းမြို့နယ်၊ လှည်းကူး‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်းကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ (၁) ရိုးမရာဇာအဖွဲ့မှ လှည်းကူးရွာ အတွင်း၌ ပစ်ခတ်တိုက်ခဲ့ပြီး သေနတ်ကျည် ၁၁ ချက်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြ ပြောက်ကျား အဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း Bago Region PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article