24 C
Yangon

စစ်ကိုင်းနှင့်ကယားတွင် စစ်ကောင်စီ တပ်များ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံး၊ ကာကွယ်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ မုံရွာ၊ အရာတော်၊ တန့်ဆည်၊ မုံရွာ-မန္တလေး လမ်းပိုင်းနှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရွှေဘိုတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ ၈ ဦးသေဆုံး

စစ်ကိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကား ၃ စီးကို ရွှေဘိုမြို့နယ် ဘုန်းဘွဲ့နှှင့် ဇီးတောကျေးရွာ အကြားတွင် ပဒေသာမိုင်း ၁၂ လုံးဖြင့် ၃ နေရာခွဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကား ၃ စီးလုံးထိမှန်ကာ စစ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ သံပြားကာ FAW ကား ၁ စီးမှာ ပျက်စီးသွားပြီး ကြိုးဖြင့် ဒရွတ်တိုက် ရွှေဘိုသို့ ပြန်လည် ယူဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို သိဒ္ဓိရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘိုမြို့နယ်)၊ ရွှေတြိဂံ ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းနီတပ်ခွဲနှင့် နဂါးနီတပ်ခွဲ(အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)
SBDF (1)၊ ယမ်းဘလူးဘကျော် တိုက်နယ်(၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘိုမြို့နယ်) တို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် G4G PDF တို့မှ မြင်းမူ မှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကား ၃ စီးကို မုံရွာ-မန္တလေး လမ်းမပိုင်းရှိ ရွာမနှင့် နတ်ခရိုင် အကြားတွင် ပဒေသာမိုင်း ၈လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းနေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းရေး လုပ်ဆောင်နေသည့် စစ်သားများကို ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထီးဆောင်းနှင့် ကံဖျားအကြား ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ နှင့် GTR(မြင်းမူ)တို့မှ ပေ ၂၀၀၀အကွာမှ စနိုက်ဘာ ဖြင့်ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

အရာတော်တွင် ဆိုင်ကယ်စီးလာသည့် စစ်သား ၂ ဦး ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ဆိုင်ကယ် စီးလာသည့် စစ်သား ၂ ဦး ပါဆယ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် အရာတော်မြို့ ခြေရာတော် အနီး ဆိုင်ကယ်စီးလာသည့် စစ်သား ၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပါဆယ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Burmese Farmers Defense Force ၊ သမန်းကျား(အရာတော်) ၊ နောင်ရိုး တပ်၊ ကျောက်ဆူး တပ်ပေါင်းစုနှင့် ပကဖတို့ ပူတွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာတွင် စစ်တပ် တပ်စွဲထားသောနေရာများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ အဝင် စစ်တပ် တပ်စွဲထားသော မအူဂိတ်နှင့် ကညနရုံးကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မအူဂိတ်ကို လက်နက်ကြီး ၆၀ မမ ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကညနရုံးကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို spring dove ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ God of Snake(GOS)၊ Golden Eagle Force(Monywa)၊ Chindwin Defense Force၊ 5/UG မြေအောက်တော်လှန်ရေးအဖွဲ့၊ Monywa Force(MYf)၊ Garuda King Monywa၊ Democratic Guerilla Force(DGF) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက် ခံရ‌ပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တန့်ဆည်မြို့နယ်အတွင်း အင်အား၂၀၀ ခန့်ဖြင့် ရေယိမ်းရွာနှင့် စိန်းနန်းရွာ အကြား မောင်နှမတောင်ခြေတွင် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရသည်။

ဖရူဆိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံး

ယားပြည်နယ် ဖရူဆိုမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် KNDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုမြို့ ၊ မြို့မရဲစခန်းရှိ စစ်ကောင်စီတပ်များနှင့် ထီးကလူဒေါ ကျေးရွာတွင် အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDF B (15) ၊ B (04) ၊ KA နှင့် ဝံပုလွေ​ပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ဖရူဆိုမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လက်နက်ကြီး ထိမှန်ကာ ဝံပုလွေပျောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article