ရန်ကုန်၊ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မကျည်းအုပ်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်စီးနင်းရာ အမျိုး သမီး ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ မကျည်းအုပ်ကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင်ရောက်စီးနင်းကြောင်း၊ ဒေသခံ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သဖြင့် အသက် ၄၂ နှစ်အရွယ် ဒေါ်ညိုလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန် ၃ ဦးမှာမူ ဒဏ်ရာရရှိပြီး ဆေး ကုသမှု ခံယူနေရကြောင်း သိရှိရသည်။
“ဘာဖြစ်လို့ ပစ်တာလဲဆိုတော့ စစ်ကြောင်းထိုးလာရင်း အခုလိုပစ်ခတ်တာ။ သူတို့လက်နက်ရှိလို့ ပြည်သူကိုအနိုင် ကျင့် တာလိုပဲ ပြောရမယ်။ ကျနော်တို့ ပြည်သူတွေက သာမာန် မိရိုးဖလာတောင်သူတွေပါ။ ဘာနိုင်ငံရေးမှ နားမလည်ပါဘူး။ အခုတော့ နားလည်သွားပြီ။ ဒီစစ်ခွေးတွေကို ကျနော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး တော်လှန်ရေးထဲမှာ ပူးပေါင်းတိုက်သွားမယ်။ ဒီတစ်သက် ဒီစစ်ခွေးတွေကို လုံးဝမကျေနပ်ဘူး” ဟု စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ဒေါ်ညိုလုံး၏ ဆွေမျိုးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ဒေသခံများကို ပစ်ခတ်သည့်အပြင် မကျည်းအုပ်ကျေးရွာအနီးရှိ ကားတစ်စီးနှင့် ဆိုင်ကယ် ၅ စီးကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း၊ မကျည်းအုပ်ရွာအနီးရှိ ဘုတလင် ဗန္ဓုလတပ်ရင်း ၁ စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဘုတလင်ဒေသခံ ပြည်သူ့ ကာကွယ်ရေးခေါင်းဆောင်ဗိုလ်နင်ဂျာက ပြောသည်။
ကျေးရွာအနီးရှိ ဘုတလင် ဗန္ဓုလတပ်ရင်း ၁ စခန်းကို လာရောက်စီးနင်းသော စစ်တပ်ကို တန်ပြန်လှုပ်ရှားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကားအတွင်း မိုင်းဆင် ထည့်ထားခဲ့ကြောင်း ၊ စစ်တပ်က ကားကိုမီးရှို့စဉ် မိုင်းပေါက်ကွဲ၍ စစ်သား ၇ ဦး သေဆုံးကြောင်း ဗိုလ်နင်ဂျာက ဆက်ပြောသည်။
“ဒီကောင်တွေ ဒလန်သတင်းပေးချက်အရ ကျွန်တော်တို့စခန်းကို လာစီးမယ်ဆိုတာ ကိုသိလို့ ကြိုတင်ပြင်ဆင်ထားတယ်။ နံနက်၅ နာရီလောက် စခန်းအနား ကပ် လာတယ်။ ကျွန်တော်တို့ ခဏခံပစ်ပြီး နောက်ဘေးကင်းကင်းနဲ့ တပ်ဆုတ်ခဲ့တယ်။ ကားကတော့ ဒီကောင်တွေ မီးရှို့မယ်ဆိုတာကို သိလို့ ကားထဲမိုင်းထည့် ထောင်ထားခဲ့တယ်။ ထင်တဲ့အတိုင်းပဲ။ ဒီကောင်တွေ ကားကိုမီးရှို့လိုက်တော့ အနီးက စစ်ခွေး ၁၅ ဦးကတော့ မိုင်းပေါက်ပြီး အပြင်းထန်ဒဏ်ရာရတယ်။ အဲဒီအထဲမှာ စစ်သား ၇ ဦးထက်မနည်းသေဆုံးတယ်လို့ ဖရဲသီးဆီကနေသိရတယ်” ဟု ဘုတလင် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်နင်ဂျာက ပြောဆိုသည်။
ဘုတလင်ဗန္ဓုလ တပ်ရင်း ၁ စခန်းကို ဝင်စီးသွားသည့် စစ်ကောင်စီတပ်သည် ကားမိုင်းမိသွားသဖြင့် ရှေခရီးမဆက်နိုင်တော့ဘဲ့ အ ထိအခိုက် သေဆုံးမှုများစွာဖြင့် ဘုတလင်မြို့ပေါ်သို့ ပြန်လည် တပ်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ဒေါ်ညိုလုံး အသက် ၄၂ နှစ်၏ ရုပ်အလောင်း။