ရန်ကုန်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံတွင် ကျန်းမာရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး၊ အကြမ်းဖက်စစ်ကောင်စီနှင့် နားလည်မှု စာချွန်လွှာ MoU ထိုးနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Medical Action Myanmar(MAM) က ဝန်ကြီးဌာနများမှ CDM လုပ်လာပြီး အလုပ် ဝင်လုပ်နေသည့် ဝန်ထမ်း ၉၀ နီးပါးကို လျှော်ကြေးပေး၍ အလုပ် ထုတ်လိုက်ကြောင်း ဝန်ထမ်းတချို့ထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက MAM မှ ဝန်ထမ်းများ၏ စာရင်းများကို တောင်းယူလာပြီးနောက် မြန်မာနိုင်ငံတွင် ကျန်း မာရေး ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေး သက်တမ်းတိုးနိုင်ရေး MOU နားလည်မှု စာချွန်လွှာ ထိုးနိုင်ရေးအတွက် ကျန်း မာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်း ၈၀ ကျော်၊ ၉၀ နီးပါးကို MAM က အလုပ်ထုတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“Medical Action Myanmarက စစ်ကောင်စီရဲ့ အလိုကျ ကျန်းမာရေးဝန်ကြီးဌာန CDM ဆရာဝန် သူနာပြု ၈၀ ကျော်၊ ၉၀ နီးပါးကို အလုပ်ထုတ်ပါတယ်။ ဝန်ထမ်းတွေကို ဘာမှ ကြိုတင်သတိပေးတာမျိုး မလုပ်ဘဲ ချက်ချင်း လျှော်ကြေးပေးပြီးလုပ်တာပါ။ Medical Action Myanmar (MAM) ဟာ နယ်သာလန် နိုင်ငံ အခြေစိုက် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဦးဆောင်သူတွေကတော့ Dr. Frank နဲ့ ဒေါက်တာ နီနီထွန်းတို့ ဖြစ်ပါတယ်။ ကျန်းမာရေး CDM ဝန်ထမ်းများကို ပြီးခဲ့တဲ့နှစ် Covid ကာလကနေ စပြီး အလုပ်ခန့်လာတာပါ။ အခုအခါမှာတော့ MAM ဟာ အဲ့ဒီ CDM ဝန်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်မှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။MAM ဟာ သူတို့ရဲ့ ကုန်ဆုံးတော့မယ့် စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနနဲ့ MOU ကို သက်တမ်းတိုးဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး စစ်ကောင်စီက ဝန်ထမ်းတွေရဲ့ စာရင်းနဲ့ ကိုယ်ရေးအကျဉ်းတွေကို တောင်းချိန်မှာတော့ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ မစဉ်းစားဘဲ MOU မရမှာစိုးတဲ့အတွက် CDM ဝန်ထမ်းတွေကို အချိန်တောင် မပေးပဲ ရက်ရက်စက်စက် အလုပ်ထုတ်ခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ CDM ဝန်ထမ်းတွေပါ။ သိန်း ၃၀ ပေးပြီး အလုပ်ထုတ်လိုက်တာပါပဲ။ အောက်တိုဘာလအတွင်းမှာပဲ MAM ရဲ့အကြီးပိုင်း ဝန်ထမ်းတွေဟာ စီမံချက်ရှိရာ မြို့နယ်အသီးသီးကိုသွားရောက်ပြီး ဝန်ထမ်းတွေကို ထုတ်ပယ်ခဲ့ကြတာပါ။ အဲ့လိုသွားရောက်ထုတ်ပယ်မှာကိုလည်းသတင်းပေါက်ကြားသွားမှာ စိုးတာကြောင့် သက်ဆိုင်ရာ စီမံချက်တွေရဲ့ တာဝန်ခံတွေကိုတောင် ပြောပြထားခြင်း မရှိခဲ့ပါဘူး”ဟု အမည်မဖော်လိုသည့် ကျန်းမာရေးCDM ဝန်ထမ်းတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက INGO စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်း စုံစမ်းမှုများ လုပ်နေသဖြင့် MAM အနေဖြင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန် CDM ကျန်းမာရေး ဝန်ထမ်းများကို အလုပ်ထုတ်ခြင်းဖြစ်သည်ဆိုသော အကြောင်းပြချက်ပေးကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက MAM ၏ Website မှလည်းကောင်း၊ ရန်ကုန်ရုံး၏ ဖုန်းနံပါတ်သို့လည်းကောင်း ဆက်သွယ်၍ ကျန်းမာရေး CDM ဝန်ထမ်းများကို မည်သည့်အတွက်ကြောင့် အလုပ်ထုတ်သနည်းဆိုသော မေးခွန်း ကို မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ဖြေကြား အကြောင်းပြန်ခြင်းမရှိပေ။
Medical Action Myanmar သည် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာမှ ရရှိသော အလှူငွေများဖြင့် လည်ပတ်လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတစ်ဝန်း ဝန်ထမ်းပေါင်း ၂၀၀၀ နီးပါးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- MAM တည်ထောင်သူ Dr. Frank Smithuis နှင့် ဦးဆောင်လုပ်ကိုင်နေသူ ဒေါက်တာနီနီထွန်း။