28 C
Yangon

ကန့်ဘလူ၊ ကျွန်းလှနှင့်တန့်ဆည်တွင် မဘသ သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က ပြည်သူများကို ပျူစောထီး အဖွဲ့ထဲ မဝင်လျှင် ရွာလုံးကျွတ် မီးရှို့ခံရမည်ဟု ကျေးရွာများသို့ လှည့်လည်ခြိမ်းခြောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှ နှင့် တန့်ဆည်မြို့နယ်တွင် မဘသ အစွန်းရောက် သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က ကျေးရွာများသို့ လှည့်လည်ပြီး ပျူစောထီး အဖွဲ့များသို့ ဝင်ရောက်ကြရန်နှင့် မဝင်ရောက် ပါက တစ်ရွာလုံး မီးရှို့မည်ဟု ပြည်သူများကို လိုက်လံ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဝါသ၀ ဦးဆောင်သော ပျူစောထီး အင်အား ၃၀ ခန့်က ကန့်ဘလူမြို့နယ်၊ လင် ပန်းဆည်အနီးရှိ ငါးတို့ကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့ထဲဝင်ရောက်ကြရန်နှင့် ဝင်ရောက်ခြင်းမရှိလျှင် ရွာလုံးကျွတ်မီးရှို့ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရှိရသည်။

“အောက်တိုဘာ ၂၄ရက်နေ့ ကန့်ဘလူမြို့နယ် လင်ပန်းဆည်အနီးရှိ ငါးတို့ကျေးရွာကို ဦးဝါသဝဦးဆောင်ပြီး လူမှု ကူညီရေးကား၊ အိမ်စီးကား ပရာဒို ၂ စီး အပါအဝင် ပျူစောထီးအင်အား ၃၀ခန့် ရွာခံပြည်သူတွေကို ပျူစောထီးထဲဝင်ဖို့ အကျပ်ကိုင်စည်းရုံးပါတယ်။ သူတို့ပြောတဲ့ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီး ထဲမဝင်ရင် တစ်ရွာလုံးကိုမီးရှို့မယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျနော်တို့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် နယ်ဝန်းကျင်က ရွာတွေကိုလိုက်ပြီးရွာသူရွာသားတွေကို အတင်း အကျပ်ကိုင်ပြီး ပျူစောထီးထဲဝင်ဖို့နေ့စဉ်ဖိအားပေးလုပ်ဆောင်နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ၊ စံပယ်နံသာ၊ နတ်အင်း၊ နတ်ပေး၊ ဆိပ်ဖြူးမြောင်၊ မှော်တော်၊ မြေထူး၊ လိပ်ထူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ဇီးကုန်း စသည့်ဒေသများတွင် ပျူစောထီးအဖွဲ့များကို ဝါသ၀က ဦးဆောင် ဖွဲ့စည်းပေးနေကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်း ပျူစောထီးများ စုဆောင်းပြီး စပါးတစ်ဧက စိုက်လျှင် အခွန်အဖြစ် ၁၀ တင်း ဝါသ၀ထံ ပေးသွင်းရကြောင်း၊ စစ်တပ်ထံမှ လက်နက် တောင်း၍ ဝါသ၀က တပ်ဆင်ပေးနေကြောင်း သိရှိရသည်။

“ဦးဝါသဝက နေ့စဉ် ရွာစဉ်လှည့်ပြီး ပျူစောထီး ဖွဲ့ခိုင်း၊ အင်အားချဲ့ထွင်နေပါတယ်။ တချို့ရွာခံတွေကလည်းအတင်းအကျပ်ဖိအားပေးဝင်ခိုင်းလို့ ဝင်ရတဲ့သူရှိသလို တချို့ကျလည်း စားဝတ်နေရေးကျပ်တည်းလို့ ခိုးရာပါပစ္စည်းတွေကို ခွဲဝေပေးတာကိုမက်မောပြီး ပျူထဲကိုလိုလိုလားလားဝင်တဲ့သူတွေလည်းရှိပါတယ် ။ဒီကိစ္စကို NUG လူကြီးတွေအနေနဲ့ PDF တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးဝါသ၀က ပျူစောထီးထဲဝင်လျှင် စစ်ကြောင်းများ မလာရောက်စေရန် တာဝန်ယူသည်ဟု ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများ ခွဲ၍ နယ်မြေရှင်းလင်းရေး အမည်တပ်ကာ ထိုးစစ်ဆင်နေပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ညဏ်အင်း ရွှာမ အင်းလယ်ကြီး
သရက်တာကျေးရွာကို အင်အား ၃၀၀ ဖြင့် ဝင်ရောက်ပစ်ခတ်နေကြောင်း၊ ကျေးရွာများကိုလည်း မီးရှို့ ပစ္စည်းလုယူမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မဘသ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသ၀နှင့် ပျူစောထီး အဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article