30 C
Yangon

နေပြည်တော်တွင် ရုရှား တိုက်လေယာဉ်မှူးများ ရောက် ရှိနေပြီး ပွင့်လင်းရာသီတွင် စစ်တပ်က လေကြောင်း အဓိက ဖြင့် ထိုးစစ်ဆင်ရန် လေ့ကျင့်ပျံသန်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်တွင် ရုရှားတိုက်လေယာဉ်မှူးများ ခေါ်ယူထားပြီး ပွင့်လင်းရာသီ စစ်တပ်က လေကြောင်း အဓိကဖြင့် ထိုးစစ်ဆင်မှုများ ပိုမို လုပ်ဆောင်နိုင်ရေး တိုက်လေယာဉ် ပျံသန်းလေ့ကျင့်မှုများ လုပ် ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ဘက်သတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်ရန် ဗျူဟာပြောင်းလဲ သတ်မှတ်ပြီး ယခင်ကဲ့သို့ မြေပြင် ကြည်းတပ်များ အထိနာမှ လေကြောင်း ပစ်ကူမဟုတ်တော့ဘဲ လေယာဉ်ဖြင့် ပထမဆုံး ပစ်ခတ်ဝင်ရောက်ကာ အနောက်မှ ကြည်းတပ်များက ဝင်ရောက်ခြင်းကဲ့သို့ ဗျူဟာပြောင်းလဲ ကျင့်သုံးနေကြောင်း သိရှိရသည်။

ပွင့်လင်းရာသီကာလ လေကြောင်း တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်နိုင်ရန် မကွေးလေတပ်၊ နေပြည် တော်လေတပ်၊ တံတားဦးလေတပ်၊ ပုသိမ်လေတပ်၊ မြစ်ကြီးနားလေတပ် အစရှိသည့် လေတပ်များတွင် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုများကို နေ့စဉ် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ နေပြည်တော်တွင်မူ SU-30 တိုက်လေယာဉ်သစ်များ လေ့ကျင့်ပျံသန်းမှုများရှိနေပြီး ရုရှားပိုင်းလော့များက လေ့ကျင့်သင် ကြားပေးနေသည်ဟု သိရှိရသည်။

“နေပြည်တော် မှာတိုက်လေယာဥ်တွေ နေ့ရော ညပါ ပျံသန်းနေတာ တစ်ပတ်လောက်ရှိပြီ။ နေ့ခင်းဖက်ရော ညဖက်ရော တစ်နေ့ ၅ ကြိမ်ထက်မနည်း လေ့ ကျင့် ပျံသန်းတာပါ။ ကြည့်ရတာတော့ လေယာဉ်ပုံစံက Su-30 တွေ။ အရင်ကျနော်တို့ သိတဲ့ MIG-29 ထက် အရွယ်အစားကြီးတယ်။ လေယာဉ်သစ်တွေဗျ” ဟု နေပြည်တော်လေတပ်စစ်မှုထမ်းဟောင်း တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

အလားတူ မကွေးလေတပ်စခန်းတွင်လည်း တိုက် လေယာဉ်များ အမြဲလိုလို ပျံသန်းနေပြီး ညဘက်များတွင်လည်း ဆူညံစွာ ပျံသန်းမှုများရှိနေသည်ဟု သိရှိသည်။

“မကွေးမှာလည်း နေ့ရော ညရောပဲ ပျံသွားလိုက် ဆင်းလာလိုက်ပဲ။ နေ့စဉ် ၄ စီးကနေ ၅ စီး တက်လိုက် ဆင်းလိုက်ပဲ။ မကွေးမှာ လေယာဉ်သံကြားတိုင်း မီဒီယာတွေကို ပြောပေမယ့် ဘယ်သူမှ အရေးတယူ မလုပ်သလို ခံစားရတယ်။ မကွေးလေတပ်မှာလည်း တိုက်လေယာဉ်တွေ အတက်အဆင်းက နေ့တိုင်းလုပ်နေကြတယ်” ဟု မကွေး ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ရန်ကုန်တွင်လည်း ညပိုင်း တိုက်လေယာဉ် လှည့်ပတ် လေ့ကျင့်ပျံသန်းမှုများရှိကြောင်း၊ နေ့ပိုင်းတွင်လည်း အနိမ့်ပိုင်း ပျံသန်းမှုများမြင်ရကြောင်း ရန်ကုန်မြို့ခံတချို့က ဆိုကြသည်။

ထို့ပြင် သီလဝါဆိပ်ကမ်းမှ လေယာဉ်ဆီ ဆီ​ဘောက်ဆာကား နေ့စဉ် အနည်းဆုံး ၅ စီးမှ ၁၀ စီး ထွက်ပြီး တစ်နိုင်ငံလုံးရှိ လေတပ်များသို့ လေယာဉ်ဆီများ ပေးပို့နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် လေ့ကျင့်ပျံသန်းနေသော Su-30 ဟု ယူဆရသည့် တိုက်လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article