ရန်ကုန်၊ အောက်တိုဘာ ၂၈
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံသို့ လွှဲချ ခေါင်းရှောင်နေမှုကို ရပ်တန့်ပြီး ချက်ချင်း အရေးယူရန် အရပ်ဘက်အဖွဲ့ ၃ ဖွဲ့ တောင်းဆိုလိုက်ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သေချာရေရာမှု ကင်းမဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေခြင်းအားဖြင့် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
သန်းပေါင်းများစွာသော အရပ်သားပြည်သူအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ကျရှုံးနေသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ခိုင်မာသည့်အရေးယူမှုများ လုပ်ဆောင်ရတော့မည် ဆိုသည့်အချက်ကို ပြနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ယင်းအဖွဲ့များက ဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်းနှစ်ပတ်လည်အဖြစ် ကချင်ပြည်နယ်၊ ဖားကန့်၌ ကျင်းပသည့် လူတစ်ထောင်ဝန်းကျင်ခန့် တက်ရောက်သော ဂီတဖျော်ဖြေပွဲ အခမ်းအနားကို မြန်မာစစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး နောက်ထပ် သော ၁၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကိုလည်း စစ်အုပ်စုက အနီးအနားရှိ ဆေးရုံ၌ ဆေးကုသခွင့် မပြုခဲ့ကြောင်း သိရှိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေ အကဲဖြတ်သုံးသပ်သည့် အထူးအစည်းအဝေးကို ကြာသပတေးနေ့တွင် အပြီးသတ်ဆွေးနွေးခဲ့ ကြပြီး မြန်မာစစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်ကို လုံးဝမထီမဲ့မြင်လုပ်နေသည့်တိုင် အာဆီယံသည် ၎င်း၏ အရေးပါမှုကို အခိုင်အမာပြောဆိုကာ ကျရှုံးနေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက် ကိုင်စွဲရန် ရွေးချယ်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့ ၃ ခုက ထောက်ပြသည်။
ကချင်ပြည်နယ်ရှိ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တုံ့ပြန်ရာတွင် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ မွန်းနေလီက “ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အစွမ်းကုန် အရေး ပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရပါမယ်” ဟု ပြောကြားသည်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီအခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။ အခုဒီအခြေအနေမှာတော့ မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး အရပ်သားတွေကို မြင်မြင်ရာ ဘယ်သူ့မှမရှောင် ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကျွန်မတို့ဟာ ကိုယ့်မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကို တမ်းတပူဆွေး နေရပြီး မြန်မာပြည်သူတွေရဲ့ ဘဝဟာ ဒီထက်မက ပိုကြီးတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေ ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ဆို့ဖို့နဲ့ စစ်အုပ်စုနဲ့ သူ့နဲ့ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ် ဆောင်နိုင်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့အတွက် သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းအသုံးချရပါမယ်။ လူပေါင်းများစွာ သတ်နေတဲ့အဖွဲ့ကို အဆုံးသတ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့် ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေအတွက် ကျူးလွန်သူတွေကို တာဝန်ခံခိုင်းစေဖို့အတွက် လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီကို လွှဲပြောင်းဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။
လုံခြုံရေးကောင်စီတွင် မြန်မာစစ်အုပ်စုကို လက်နက်ခဲယမ်းများ ဆက်လက်ထောက်ပံ့ပေးနေသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာ မလွှဲမသွေသုံးပြီး ပယ်ချမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ရန် အဆိုပါ အဖွဲ့များက တောင်းဆိုထားသည်။
ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “လုံခြုံရေးကောင်စီနဲ့ အာဆီယံတို့အနေနဲ့ သူတို့ရဲ့ အရေးယူမှုပျက်ကွက် ခဲ့ခြင်းက စစ်အုပ်စုကို ပိုမိုအတင့်ရဲစေတဲ့အပြင် ဒါဟာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘာ နောက်ဆက်တွဲ တန်ပြန်အရေးယူခံရခြင်း မရှိဘဲ ကျူးလွန်လို့ရတယ်ဆိုတာကို အချက်ပြပေးနေခြင်း ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမှု မလုပ်ခင် ရက်အနည်းငယ်အလိုမှာပဲ ကျူးလွန်လိုက်တာ ဖြစ်တဲ့အတွက် ဒါဟာ အခွံသာ ရှိတဲ့ ရှုတ်ချမှုတွေကို မမှုဘူးဆိုတဲ့ စစ်အုပ်စုရဲ့ ထင်ရှားတဲ့သက်သေပဲ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ဒီအချက်ကို ပိုပြီး အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
“အာဆီယံရဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းက တရားမဝင် မြန်မာစစ်အုပ်စု အလိုကျ လုပ်ပေးနေတာဖြစ်ပြီး လုံခြုံရေးကောင်စီကနေ စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်နိုင် အောင်လည်း ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာဆီယံဟာ ဖားကန့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်လာ နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းမယ့်အစား ကချင်ပြည်နယ်မှာ အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ကမ္ဘာ့အမြင့်ဆုံးတရားရုံးတွေမှာ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှု ကျူးလွန်မှုအတွက် တရားစွဲဆိုထားပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ အဲဒီ အကြမ်းဖက် ရာဇဝတ်မှုအပေါ် ရှုတ်ချတဲ့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာတောင် ကျူးလွန်သူတွေကို နာမည် တပ်ပြီး မဖော်ပြနိုင်ရှာဘူး။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ပြည်သူလူထုရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက် ပြောသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နော်ဆဲဆဲက “စစ်အုပ်စုဟာ ဒီလိုလေကြောင်းနဲ့ တိုက်ခိုက်ဖို့အထိ အတင့်ရဲလာအောင် လွတ်ထားခံရတာဖြစ်လို့ ထိပ်သီးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့ တခြား ပလက် ဖောင်းတွေမှာ ပါဝင်ဖို့ ဖိတ်ကြားတာကနေတစ်ဆင့် စစ်အုပ်စုကို ဆက်ပြီးတရားဝင်မှုတွေ ပေးနေကြဦးမယ် ဆိုရင် နောက်ထပ်သေဆုံးရမှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေပဲ မြေပြင်မှာ ပိုပြီးဖြစ်ပေါ်လာဖို့ပဲ ရှိပါ တယ်” ဟု ပြောဆိုသည်။
“ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုနဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေ ရေးနေလုပ်နေတဲ့အချိန်မှာ မြေပြင်မှာ ပြည်သူတွေ ကြုံ တွေ့နေရတဲ့ ဧရာမစိန်ခေါ်မှုတွေကို ချက်ချင်းကျော်လွှားနိုင်ဖို့နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက် အပါ အဝင် အန္တရာယ်ကျရောက်နိုင်ခြေအများဆုံးနဲ့ အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီတွေ ချက်ချင်း ပံ့ပိုးနိုင်ဖို့အတွက် တုံ့ပြန်ဆောင်ရွက်နေသူတွေဟာ ဒေသခံအောက်ခြေလူထုကွန်ရက်တွေပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ မြန်မာနိုင်ငံရဲ့အရေးကို အလေးအနက်ထား ဖြေရှင်းချင်တယ်၊ ပြီးတော့ ဒေသတွင်းရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် သူတို့ဟာ မြန်မာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ရမှာဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု တွေကို အဆုံးသတ်ဖို့အတွက် စစ်အုပ်စုကို တာဝန်ယူ တာဝန်ခံခိုင်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။