30 C
Yangon

မြောင်၊ ပရိမ္မရွာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက် ဝင်ရောက်စီးနင်းမှု ပြည်သူ ၁ ဦးနှင့် PDF ရဲဘော် ၁ ဦးကျဆုံး၊ PDF များက ခုခံသဖြင့်စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပရိမ္မရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း စစ်ရဟတ်ယာဥ်များဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် ကျောက်ရစ် ရဲစခန်းမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြောင်မြို့နယ် ပရိမ္မရွာရှိ MBT စခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုများနှင့် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ထိခိုက် သေဆုံးမှု များပြားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် ရဟတ်ယာဥ်များဖြင့် လူချကာ ပရိမ္မရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက် စစ် တပ်သည် ရဟတ်ယာဥ်များဖြင့်ပါ လူအင်အား ဖြည့်တင်းပြီးနောက် ကျေးရွာအတွင်း ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ လက်နက်အင်အား မမျှသည့် အတွက် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပရိမ္မရွာအတွင်းမှ ပြန်လည် ဆုတ် ခွာသွားပြီး မသန်စွမ်း ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း၊ တိုက် ပွဲအတွင်း ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးသွား​ကာ ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပရိမ္မရွာ ဝင်ရောက် စီးနင်းခံရချိန်၌ CDSOM စစ်ကိုင်းခရိုင်တပ်ရင်း(၂ )မှ တပ်ခွဲ (၃ )၊တပ်ရင်း( ၆ )မှတပ်ခွဲ (၃)တို့ ပူးပေါင်းကာ ရဟတ်ယာဥ်ဖြင့် လူအင်အား ဖြည့်နေသော စစ်သားများနှင့် ကျောက်ရစ် ရဲစခန်းတို့ကိုလည်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်းသို့ ၄၀ မမ ၂ လုံး စစ်သား ၄ ဦးခန့် ထိခိုက်သေဆုံးမှု ရှိကြောင်းသိရသည်။

” အခုတော့ ခွေးတွေ ဆုတ်ခွာသွားပါပြီ ပရိမ္မကို စစ်ခွေးတွေ အသည်းအသန် တိုက်နေတဲ့အချိန် စစ်ကောင်စီရဲ့ အထိုင် စခန်းတစ်ခု ဖြစ်တဲ့ ကျောက်ရစ် စခန်းကို ဝင်ရောက်ပြီး ၄၀ မမ ၃ လုံး ပစ်သွင်းခဲ့တယ်။ ၂ လုံးကတော့ စခန်းတွင်း ကျရောက် ပေါက်ကွဲပြီး ခွေး ၄ ကောင်လောက် သေနိုင်တယ်။ အတိအကျကတော့ မသိပါဘူး။ ပရိမ္မရွာမှာတော့ စစ်ခွေးတွေ မရှိတော့ပါဘူး။ စစ်ခွေးတွေက မသန်စွမ်း ပြည်သူ ၁ ဦးကို သတ်သွားတယ်။ ပြည်သူ့ပိုင် နေအိမ် ၁ လုံးကို မီးရှို့သွားတယ်။ ကာကွယ်ရေး ရဲဘော် ၁ ဦး ကျတယ်။ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု မြောင်မြို့နယ် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရဟတ်ယာဥ်ဖြင့် ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် ရဲစခန်းကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ Myingyan Black Tiger (MBT)၊ မြေလတ် PDF (တပ်ရင်း-၃) ညီနောင်မဟာမိတ်များ၊ မြင်းခြံခရိုင် တပ်ရင်း(၂ )နှင့်(၁)၊ CRF မြင်းမူနှင့် 27 Revolution force စသည့် မဟာမိတ် ညီနောင်များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article