ရန်ကုန်၊ အောက်တိုဘာ ၂၈
ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်၊ တိုင်းများတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် မီးသပိတ်တွင် ပြည်သူများအားလုံးပါဝင်ကြပြီး ၁၀ မိနစ်တိတိ မှောင် အတိကျသွားကြောင်း ရန်ကုန်မြို့ပြည်သူများထံမှ သိရှိရသည်။
လှိုင်သာယာ၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ သာကေတ၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်း ချောင်း၊ လှိုင်မြို့နယ်၊ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ် များအပါအဝင် မြို့နယ်အများစုတွင်ယနေ့ည ၈ နာရီ ၃၀ မိ နစ်အချိန် မီးများ ပိတ်ထားကြသဖြင့် မှောင်အတိကျသွားသည်ဟု ပြည်သူများက ပြောဆိုကြသည်။
“လှိုင်သာယာ ၁၀ ရပ်ကွက်မှာတော့ အကုန်မှောင်သွားတယ်”ဟု လှိုင်သာယာဒေသခံတစ်ဦးပြောသည်။
မြောက်ဒဂုံ၊ ၄၅ ရပ်ကွက်မှ ဒေသခံတစ်ဦးကလည်း ၎င်းတို့ရပ်ကွက်အပါအဝင် နေရာအများစု ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မှောင်အတိကျသွားသည်မှာ မှန် ကန်သည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် တက္ကစီ ပြေးဆွဲနေသော အငှားယာဉ်မောင်းတစ်ဦးက ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ခဝဲခြံမှ အုတ်ကျင်း(မရမ်းကုန်းမှ လှိုင်မြို့နယ်) အထိ လမ်းဘေးဝဲယာအိမ်များတွင် မီးများ ပိတ်သည်ထားသည်ဟုပြောသည်။
“ကားကလည်း ရှင်းတော့ မောင်းပြီး လိုက်ကြည့်တော့ လမ်းဘေးဝဲယာ အိမ်တွေကို ကြည့်လိုက်တာ မှောင်နေတယ်။ မီးပိတ်ထားကြတယ်” ဟု တက္ကစီယာဉ်မောင်းက ဆိုသည်။
အလုံမြို့နယ်တွင်မူ ယနေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၄၀ မိနစ်အချိန်အထိ မီးပိတ်ထားကြပြီး မီးပိတ်သပိတ် ပြီးဆုံးချိန်တွင် လမ်းအများစုက လက်ခုပ်များ တီးကြသည်ဟု သိရှိရသည်။
မန္တလေးတိုင်း၊ မန္တလေးမြို့တွင်လည်း ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် မီးသပိတ်လုပ်၍ စစ်တပ်က သေနတ်ပစ်ဖောက်ကြောင်းပြောဆိုသည်။
“မဟာအောင်မြေဘက်မှာတော့ သေနတ်တွေဖောက်တယ်။ အခြားမြို့နယ်တွေမှာလည်း မှောင်သွားလို့ သေနတ်တွေ ရမ်းသမ်းဖောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တွင် မီးပိတ်သပိတ် လုပ်သူများ မီတာပုံးဖြုတ် အရေးယူမည်ဟု လော်စပီကာဖြင့် လိုက်အော်ဟစ်မှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်သားတချို့က လုပ်ဆောင်ကြပြီး ည ၈ နာရီ ၄၀ မိနစ် မီးသပိတ် ပြီးဆုံးသည့်အချိန်အထိ အော်ဟစ်နေသည်ဟု သိရှိရသည်။