30 C
Yangon

ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းခွဲခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာရှိ စစ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဟန်လင်းမြို့ဟောင်းကို စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ရွှေဘိုကာကွယ်ရေးတပ်ဖွဲ့ SBDF က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၄ ရက် ညနေ ၅ နာရီ ၄၀ တွင် စစ်ကိုင်း-ရွှေဘိုလမ်း၊ ဇီးတောကျေးရွာအနီး၌ သံချပ်ကာစစ်ကားတစ်စီး၊ FAW ကား တစ်စီး၊ အိမ်စီးကားတစ်စီး ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို SBDF နှင့် မဟာမိတ်တပ်ဖွဲ့များက ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ FAW ကားကို ထိမှန်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို SBDF စခန်း ၁ မိုင်းအဖွဲ့၊ အရာတော်ပြည်သူ့ကာကွယ်ရေး ဒေါင်းနီတပ်ဖွဲ့၊ ယမ်းဘီလူးဘကျော်အဖွဲ့၊ ရွှေမင်းသားအဖွဲ့၊ တောကျီးကန်းအဖွဲ့နှင့် Shwebo Wetlet Special Task Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လှုပ်ရှားနေပြီး ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် SBDF က မေတ္တာရပ်ခံထားသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်း ပျူစောထီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၈ ရက် ယမန်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ည ၈ နာရီခွဲတွင် ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ဖားကန့်မြို့၊ အနန့်ပါ ဖြစ်စဥ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ခင်ဦးတစ်မြို့နယ်လုံး မီးပိတ် သပိတ် ဆင်နွှဲနေချိန်တွင် ကာကွယ်ရေး တပ်ဖွဲ့များက ရွာသစ်ကုန်းရွာရှိ စစ်ကောင်စီ တပ်ဖွဲ့ ကင်းစခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – ရွှေဘိုကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article