ရန်ကုန်၊ အောက်တိုဘာ ၂၉
အကြမ်းဖက်စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်လိုမှ သွားမရတော့ဟု KNU မှ ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြည်သူများသို့ အသိပေး လိုက်ပြီး အဆိုပါ အသိပေးချက်ကို KNU က အောက် တိုဘာလ ၂၈ ရက်နေ့တွင် ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးက ပျက်စီးသွားပြီးတော့ နောက်ဆုံးကျတော့ အာဏာသိမ်းတာနဲ့ပဲ အဆုံး သတ်သွားတယ်။ အာဏာသိမ်းလိုက်ကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုမှ သွားလို့မရဘူး၊ သူ့ကိုယ်တိုင်က အာဏာ သိမ်းလိုက်တဲ့အတွက် စစ်တပ်ဟာ တရားမဝင်တဲ့အဖွဲ့အစည်း ဖြစ်သွားပြီဆိုတာကတော့ ဘာမှ သံသယမရှိဘူး။ တစ်ခုပဲ ရှိတာက ကျွန်တော်တို့မှာ ဒီတိုင်းပြည်ရဲ့ ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ မငြင်းဘူး။ သို့သော်ငြားလည်း ဖြတ်သန်းခဲ့တဲ့နိုင်ငံ ရေးအတွေ့အကြုံအရ ရှေ့အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဘာတွေဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့ KNU မှာ ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိထားတယ်။ နံပါတ်တစ် အချက်က စစ်တပ်ဟာ နိုင်ငံရေးက လုံးဝ ဆုတ်ခွာသွားရမယ် ။ ဒုတိယအချက်က ကျွန်တော်တို့ အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုဖြစ်တဲ့ စစ်တပ်ကနေပြီးတော့ ပြီးခဲ့တဲ့ အချိန်ကာလတုန်းက ဓားမရှိ တံခါးမရှိ သတ်ချင်ရာ သတ် လုပ်ချင်ရာ လုပ်သွားတဲ့ ရက်စက်ကြမ်းကြုတ်မှုအပေါင်းကို လုံးဝကင်းလွှတ်ခွင့်ပေးလို့မရတော့ဘူးဆိုတာကို လက်ခံနိုင်ရမယ်။ ဘာဖြစ်လို့လဲဆို လုပ်သမျှ ကျူးလွန်မှုတိုင်းကို သူက တာဝန်ခံရမယ်ဆိုတာ စစ်တပ်ကိုယ်တိုင်ကကို ဝန်ခံရမယ်။ လက်ခံရမယ်။ တတိယအချက်က ကျွန်တော်တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီအသစ်ကြီးဟာ ဒီအတိုင်း ကျွန်တော်တို့ ဟိုနောက်ကို ပြန်လှည့်လို့မရဘူး။ ကျွန်တော်တို့ ပြည်ထောင်စုအသစ်အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆိုတာ ကျွန်တော်တို့ ရေးဆွဲရမယ်။ ဒီရေးဆွဲမှုမှာ စစ်တပ်က လုံးဝ လက်ခံရမယ်။ အဲဒါကို လက်မခံဘဲနဲ့ နောက်လှည့်ပြီးတော့ ၂၀၀၈ ကပဲ တရားဝင်သလို ဘာလိုလို ရူးသလို ကြောင်သလိုနဲ့ ဆက်လုပ်လို့မရတော့ဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၁ ခုနှစ်တို့တွင် စစ်အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က တိုင်းပြည်ကို ဖျက်ဆီးသွားခဲ့ပြီဖြစ်ကြောင်း၊ အာရှအချမ်းသာဆုံးနိုင်ငံမှ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံဖြစ်လာသည်ဟု ၎င်းက ဆိုသည်။
“တိုင်းပြည်မှာ ဘာစနစ်နဲ့ပဲ သွားနေကြလဲဆိုတော့ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ ဘဝပေး သင်ခန်းစာအရဆို မြန်မာလူမျိုးကြီးဝါဒနဲ့သွားတယ်။ ဒုတိယအချက်က စစ်အာဏာရှင်စနစ်နဲ့သွားတယ်။ ဆိုတော့ အဲဒီစနစ်နှစ်ခုစလုံးက တိုင်းပြည်ကို လုံးဝဖျက်ဆီးသွားတယ်ဆိုတာ ကျွန်တာ်တို့ လက်တွေ့မြင်တွေ့ရတဲ့အခါဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီလို ပြဿနာတွေရှိနေတဲ့ ကြားထဲကနေပဲ ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်းနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အခွင့်အခါ တစ်ခါမှ မရဘူး။ ကြားထဲမှာပဲ ၁၉၅၈ ခုနှစ်ကနေ စပြီးတော့ စစ်တပ်ဟာ အပေးအယူလုပ်ပြီးတော့ နိုင်ငံရေးအာဏာရယူလာတယ်။ ပြီးတဲ့အခါ ၁၉၆၂ မှာ ပြန်အာဏာသိမ်းလိုက်တယ်။ နောက်ပြီးတော့ ၁၉၈၈ မှာ ထပ်ပြီးတော့ အာဏာ သိမ်းလိုက်တယ်။ နောက်ဆုံး ၂၀၂၁ မှာဆိုရင်တော့ ဒါ ရွေးကောက်ပွဲမှာ မဲမသမာမှု အကြောင်းပြပြီးတော့ ထပ်ပြီးတော့ အာဏာသိမ်းလိုက်ပြန်ရော။ ဒီလို စစ်တပ်က အာဏာသိမ်းလိုက်တိုင်း သိမ်းလိုက်တိုင်းမှာ တိုင်းပြည်က တကယ်ကယ် အထွေထွေ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေကြရတယ်။ အထူးသဖြင့် စစ်တပ်ဘက်က အာဏာချုပ်ကိုင်နိုင်ရေးအတွက် လူထုကို မဟားတရားကို သတ်ဖြတ်တဲ့ အစဉ်အလာတစ်ခုက ဖြစ်သွားပြီးတဲ့နောက်မှာ တိုင်းပြည်ဟာ သူတို့ရဲ့ မှားယွင်းတဲ့ အုပ်ချုပ်မှုတွေ အောက်မှာ တဖြည်းဖြည်းနဲ့ လုံးပါးလာပြီးတော့ အင်မတန် အရှေ့တောင် အာရှမှာ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတစ်ခုက ပြဿနာတွေကြီးပြီးတော့ နောက်ဆုံးကျ LDC လို့ ခေါ်တဲ့ အဆင်းရဲဆုံးလို့ပဲ ပြောပြော ဖွံ့ဖြိုးမှုအနိမ့်ဆုံးလို့ပဲ ပြောပြော အဲဒီစာရင်းဝင်သွားတယ်” ဟု ၎င်းက ဆိုသည်။
KNU အနေဖြင့် လက်ရှိအချိန်တွင် ကွန်ဂရက် ညီလာခံ မခေါ်ယူနိုင်သော်လည်း ပြည်သူလူထုဘက်က မားမား မတ်မတ် ဆက်လက် ရပ်တည်သွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။