ရန်ကုန်၊ အောက်တိုဘာ ၂၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ် အတွင်းရှိ စိုင်သေရွာ၊ သံပြာချောင်းရွာနှင့် မြေမလှရွာတို့ကို ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်သည် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စိုင်သေရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၉ နာရီခန့်တွင် သံပြာချောင်းရွာကို ဆက်တိုက်မီးရှို့ခဲ့ကာ မွန်းလွဲ ၁၂ နာရီခန့်တွင်လည်း မြေမလှရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ကြောင်း သိရသည်။
“ရေစကြိုထဲက စိုင်သေရွာ၊ သံပြာချောင်းရွာနဲ့ မြေမလှရွာတွေကို စစ်ခွေး စစ်ကြောင်းက ဒီနေ့ နံနက်ပိုင်းကနေစပြီး ဆက်တိုက် မီးရှို့ဖျက်ဆီးနေတာ ရွာလုံးကျွတ်နီးပါးကို ကုန်နေပြီး စိုင်သေရွာမှာဆို နေအိမ် ၁၀ လုံးလောက်ပဲကျန်တော့တယ်။ သံပြာချောင်းရွာမှာလည်း နေအိမ် ၁၀၀ နီးပါးလောက် မီးထဲပါသွားတယ်။ မြေမလှရွာကတော့ နေအိမ် နည်းနည်းပဲရှိတဲ့ရွာလေး အဲရွာလေးလည်း ရွာလုံးကျွတ် နီးပါးကို ရှို့နေတာ အကုန်နီးပါးပဲ အတိအကျ ဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ရွာထဲကို ပြည်သူတွေက ပြန်မဝင်ရဲသေးဘူး။ PDF ရဲဘော် ၁ ဦးလည်း ပြည်သူတွေကို ကယ်ထုတ်နေရင်း လက်နက်ကြီးထိပြီး ကျဆုံးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကျေးရွာများကို ဆက်တိုက် စီးနင်းနေသောကြောင့် ပြည်သူများကို လွတ်မြောက်ရာသို့ ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးလည်း လက်နက်ကြီးထိမှန်ကာ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။