ရန်ကုန်၊ အောက်တိုဘာ ၂၉
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ထန်းပင်ကုန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၈ လုံးပြာကျခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ လက်အောက်ခံ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ထန်းပင်ကုန်းရွာ အနီးမှာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်သားနှင့် ပျူစောထီးအလောင်း ၃၀ ကျော်ကိုလည်း နေအိမ်များအတွင်း ထည့်ကာ မီးရှို့သွားကြောင်း သိရသည်။
” စစ်ခွေးတွေ မီးရှို့လို့ ပြည်သူပိုင်နေအိမ် ၅၈ လုံး မီးလောင်ပြာကျခဲ့တယ်။ ဒေသခံ ပြည်သူတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတော့ ဘာမှ ယူချိန်မရဘူး။ စားရေးသောက်ရေး ကျန်းမာရေးက အစ အကုန်လုံးကို ဒုက္ခရောက်နေတယ်။ စစ်ခွေးတွေက တိုက်ပွဲထဲမှာ ကျဆုံးသွားတဲ့ စစ်သားနဲ့ ပျူစောထီး အလောင်း ၃၀ ကျော်ကို နေအိမ်ထဲထည့်ပြီး မီးရှို့သွားတယ်။ အရိုးတွေပါ ပြာဖြစ်အောင် မီးလောင်အား တော်တော် ပြင်းပြင်းနဲ့ကို ရှို့သွားတာ အခုတော့ စစ်ခွေး စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်သွားတယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ထန်းပင်ကုန်းရွာကို မီးရှို့ဖျက်ဆီးစဥ်၌ ဒေသခံ ပြည်သူများအား ခြိမ်းခြောက်သော စာများပါရေးသားခဲ့ကြောင်း သိရသည်။