27 C
Yangon

ကြံ့ဖွတ်ပါတီဒုတိယဥက္ကဋ္ဌ အဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို အတည်ပြုခန့်အပ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးက ပါတီ နိုင်ငံတကာရေးရာတာဝန်ခံဖြစ်လာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကြံ့ဖွတ်ပါတီဒုတိယဥက္ကဋ္ဌ အဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို အတည်ပြုခန့်အပ်လိုက်ပြီး ကြံ့ဖွတ်ပါတီတွင် မင်းအောင်လှိုင်လူအားလုံးက စိုးမိုးထားကြောင်း ကြံ့ဖွတ်ပါတီထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ကြံ့ဖွတ်ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ လစ်လပ် ၁ နေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းကို ခန့်အပ်ကြောင်း အတည်ပြုသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဖြစ်ပြီး ရန်ကုန်တိုင်းမှူး၊ ကစထမှူးနှင့်စစ်ရေးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သော မင်းအောင်လှိုင်၏ လူယုံ အရင်းလည်းဖြစ်သည်။

မူလက ကြံ့ဖွတ်ပါတီတွင် အတွင်းရေးမှူး ရာထူးရမည်ဟု သတင်းထွက်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးမှာ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်လာပြီး နိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံဖြစ်လာသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်း ဖြစ်ပြီး တပ်မ (၃၃) တပ်မမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထဲရေး ဒုဝန်ကြီး၊ ကစထမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦးပင်ဖြစ်သည်။

ကြံ့ဖွတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို ခန့်အပ်လိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု ပထမဦးဆုံး စွပ်စွဲ၍ စာရင်းထုတ်ပြန်ခဲ့သူမှာ သောင်းအေးဖြစ်သည်။

သောင်းအေးသည် ပျော်ဘွယ် မဲစာရင်းများ မှားယွင်းနေသည်ဟုဆိုပြီး နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးနှင့်ပူးပေါင်း၍ မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းခဲ့သည်။ မင်းအောင်လှိုင်ကို စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သူများတွင် သောင်းအေးက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သောင်းအေးသည် သန်းရွှေလက်ထက် ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် မင်းအောင်လှိုင်၏ လူယုံ ခင်ရီ က ရရှိထားပြီး ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီတွင် မင်းအောင်လှိုင်၏ လူယုံများက ထိပ်ပိုင်းရာထူးကြီးများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article