29 C
Yangon

ခင်ဦးမြို့နယ်တွင် ၁၀ ရက်တာအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကျဆုံး၊ ရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၄၃ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၀ ရက်တာအတွင်း ကျေးရွာ ၉ ရွာကို စီးနင်းဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက် ခြင်းများ လုပ်ဆောင်ကာ က​ျေးရွာ ၉ ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၅၄၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရွှေယမင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး PDF ရဲဘော် ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပေါင်းလဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့​ကြောင်း၊ နှဲတွင်း ရွာမှလည်း နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လက်ပံကြီးရွာမှ နေအိမ် ၇၃ လုံး၊ မဒေါင်းကြီးရွာမှ နေအိမ် ၇၅ လုံး၊ ရွှေကာရွာမှ နေအိမ် ၇၀ လုံး၊ ဆီဆုံလေးရွာမှ နေအိမ် ၄ လုံးတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေကာရွာမှ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စောကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆၄ လုံးနှင့် သနပ်စိန်ရွာမှ ပြည်သူပိုင် နေအိမ် ၁၂၀ လုံးတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကံသာယာရွာမှာ PDF ရဲဘော် ၁ ဦးနှင့် ၅ တန်းကျောင်းသား ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် မုံလှကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး PDF ရဲဘော် ၇ ဦး၊ ပြည်သူ ၁ ဦးနှင့် ကလေးသူငယ် ၁ ဦးတို့ကို သတ် ဖြတ် ခဲ့ ကြောင်း သိရသည်။

ခင်ဦးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှ စတင်ပြီး အောက်တိုဘာလ အထိ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄၇ ရွာကို မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၁၈၅၆ အိမ် ပြာကျခဲ့ကာ အကြမ်းဖက် စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူများနှင့် PDF ရဲဘော် ၂၁၈ ဦး ကျဆုံးခဲ့ပြီး မတရား ဖမ်းဆီး အကျဥ်းချခံရသူ ၁၄၃ ဦးထိရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ- ခင်ဦးတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

Photo- LGRF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article