26 C
Yangon

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ယန္တရားတွေကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေက ဖြိုလှဲချ

Must read

By ဘမောင်

လက်နက်ကိုင်တော်လှန်ရေးဆိုတာ ဗမာပြည်မှာ မနေ့တနေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ လွတ်လပ်ရေးမရခင်ကတည်းက ရှိနှင့်ပြီး လွတ်လပ်ရေးရပြီး နောက်လည်း ဆက်ရှိနေခဲ့တာပါ။ ဗမာပြည်မှာ လက်နက်ကိုင် တော်လှန်ရေး မလုပ် ဖူးတဲ့ တိုင်းရင်းသားလူမျိုးစုရယ်လို့ မရှိတော့သလောက်ပါ။ ဒီလောက် တော်လှန် ဆန့်ကျင်နေတာတောင် စစ်အာဏာရှင်စနစ်ကတော့ အခုထိ သက်ဆိုး ရှည်နေတုန်းပဲ။

ဒါပေမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးကာလမှာတော့ ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူလောက် အောင်ကို ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးဟာ ကြီးမား နက်ရှိုင်းတဲ့ ရေတံခွန်ကြီး တခုပမာ သန်စွမ်းအားကောင်း လာခဲ့ပါပြီ။ နဂို ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီးတွေအပြင် လက် နက် ကိုင်အဖွဲ့သစ်တွေ အများအပြားပေါ်ခဲ့ပါပြီ။

PDF ၊ LPDF၊ BPLA ၊ PLA ၊ DRPA ၊ PLF၊ PIA၊ ဒေါင်းနက် အစရှိ သည်ဖြင့် အမည်ပေါင်းစုံနဲ့ စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်နေကြပါပြီ။ အဲဒီလို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြားကမှ စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လက်လှမ်းမီသလောက် လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။

စစ်ကိုင်းမှ PDF များ၏ နိဒါန်း

နွေဦးတော်လှန်ရေးစပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်နဲ့ အပြင်းအထန်ဖိနှိပ်လာတဲ့အခါ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဗမာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အဓိကတိုက်ပွဲပုံသဏ္ဍာန်ဟာ ရုတ်ချည်းပြောင်းလဲသွားပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို နှစ်ပေါင်းများစွာ မအောင်မမြင် ကျင့်သုံးလာရာကနေ လက်နက်ကိုင်တော်လှန်မှဖြစ်တော့မယ်ဆိုတဲ့အသိ ပြည်သူတိုင်းရဲ့ ရင်မှာ ကိန်းအောင်းသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူတွေရဲ့ဖြစ်ပေါ်တိုးတက်မှုကလည်း ဒီအတိုင်းပါပဲ၊ အစောပိုင်းတုန်းက ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ကိုယ့်သပိတ်ကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့ကလေးတွေဟာ နောင်မှာ အဆင့်တက်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဖြစ်လာကြတယ်။ စစ်ကိုင်းအထက်ဘက်က မြို့တွေဟာ KIA နဲ့ နီးကပ်တာမို့ KIA ကို စစ်သင်တန်းသွားတက်ပြီးတော့ မိမိဒေသဆီပြန်လာ၊ ဆင့်ပွားစစ်သင်တန်းတွေ ပြန်ပေးဆိုတဲ့ နည်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပါတယ်။

အစောပိုင်းမှာတော့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ အမည်ပေါင်းစုံပါပဲ ဥပမာ Tamu Security Group, People Liberation Army (PLA), Kalay Civil Army, Kalay Civil Defense Association အဖွဲ့တွေပေါ့။ အခြားအဖွဲ့တွေလည်း အများကြီးရှိပါသေးတယ်။

အရင်နှစ် မေလ ၅ ရက်နေ့မှာတော့ NUG အစိုးရက တပြည်လုံး အတိုင်းအတာနဲ့ PDF များဖွဲ့စည်းနေပြီ ဖြစ်တဲ့အကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ (၂၀၂၂ ခုနှစ် ဧပြီလထဲမှာတော့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပြည်လုံးမှာ PDF တပ်ရင်း (၂၅၉)ရင်း ဖွဲ့စည်းထားပြီး LDF ပြောက်ကျားတပ်ဖွဲ့ (၄၀၁)ဖွဲ့ ရှိနေပြီလို့ ပြောပါတယ်။)

ဦးရည်မွန်ပြောတဲ့ စာရင်းပေါက်အဖွဲ့တွေရော စာရင်းမပေါက်တဲ့ အဖွဲ့တွေပါ ပေါင်းရင် ဗမာတပြည်လုံးမှာ PDF နဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ နည်းနည်းနောနောမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအတွင်းမှာတွင် လက်နက်ကိုင်တော်လှန်ရေး PDF အဖွဲ့ပေါင်း (၁၅၀)ကျော်ခန့် ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

PDF ၏ ခုခံတွန်းလှန်စစ်နှင့် စစ်ကောင်စီ ယန္တရား ဖြိုချခံရခြင်း

နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ အုပ်ချုပ်ရေးပျက်ပြားသွားပါ တယ်။ ပျက်သွားတဲ့ အုပ်ချုပ်ရေးကို စကစက ပြန်လည်တည်ဆောက်ဖို့ အသည်းအသန် ကြိုးပမ်းပါတယ်။ တော်လှန်ရေးအင်အားများအနေနဲ့ ဒါကိုလက်မခံပါဘူး။ ရန်သူ့အုပ်ချုပ်ရေး ပျက်ပြားအောင် အားထုတ်ပါတယ်။

အားထုတ်တဲ့နေရာမှာ ရန်သူ့ရဲ့အောက်ခြေ အုပ်ချုပ်သူတွေ၊ သတင်းပေးတွေ၊ ဒလန် အစရှိတာတွေကို ခြိမ်းခြောက်ဟန့်တားတာ၊ ဖိအားပေးတာ၊ မလွှဲမရှောင်သာရင် အရေးယူရတာမျိုးထိ မဖြစ်မနေဆောင်ရွက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လေ့လာတွေ့ရှိချက်တွေအရ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်တာ၊ ရဲကင်းတွေကို တိုက်ခိုက်တာ အများအပြားတွေ့ရပါတယ်။ သတင်းပေးဒလန်တွေကိုလည်း အများအပြား ရှင်းလင်းခဲ့ပါတယ်။ အဲဒီရှင်းလင်းမှုတွေမှာ စစ်ကိုင်းတိုင်းထဲက တောကြီးမြွေဟောက်အဖွဲ့၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မိုးကြိုးမုန်တိုင်း (ရွှေဘို)အဖွဲ့တွေဟာ ထင်ရှားပါတယ်။

အဲဒီလုပ်ရပ်တွေကြောင့် “လုံးဝအုပ်ချုပ်၍ မရစေရ”ဆိုတဲ့ ကြွေးကြော်သံနဲ့အညီ စကစဟာ သူ့အုပ်ချုပ်ရေးကို ယခုထိ တည်ငြိမ်အောင် မဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။

စစ်ကောင်စီနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များအား ကန့်ကွက်သပိတ်မှောက်ခြင်း
နွေဦး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ PDF တွေဟာ အထိုက်အလျှောက် နယ်မြေစိုးမိုးမှု ရရှိလာကြပါတယ်။

သူတို့စိုးမိုးထားတဲ့ ဒေသမှာရှိတဲ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ စစ်ကောင်စီထုတ်ပစ္စည်းတွေ မရောင်းဖို့ ထုတ်ပြန်တားမြစ်တာတွေလည်း လုပ်လာနိုင်ကြပါတယ်။ မြန်မာတံဆိပ် ယမကာတွေ၊ မန္တလေးတံဆိပ် ယမကာတွေ၊ ဒဂုံတံဆိပ် အဖျော်ယမကာတွေ၊ အန်ဒမန် တံဆိပ် ယမကာတွေ၊ Premium Gold၊ Red Ruby၊ ဆင်မင်းဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ အစရှိတာတွေကို အဓိကထား တားမြစ်ကြပါတယ်။

နယ်မြေစိုးမိုးမှု ရရှိလာကြတဲ့ ဒေသတွေမှာ စစ်ဆေးရေးဂိတ်တွေလည်း ဖွင့်လာနိုင်ကြပါတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးလိုက်လို့ တားမြစ်ထားတဲ့ ပစ္စည်းတွေ ပါလာခဲ့ရင် ဖျက်ဆီးပစ်တာမျိုးလည်း လုပ်လေ့ရှိပါတယ်။ ဒါတွေဟာ ရုတ်တရက်ကြည့်ရင် စစ်ရေးနဲ့ သိပ်မဆိုင်ဘူးလို့ ထင်စရာရှိပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းကို ဖျက်ဆီး ပိတ်ဆို့ပစ်တာပဲ ဖြစ်ပါတယ်။

အဲဒါတွေအပြင် စစ်ကိုင်းတိုင်း နေရာတော်တော်များများမှာ ဖြစ်ပွားခဲ့တဲ့ မိုင်တဲလ်တာဝါတိုင်တွေ ဖြိုလဲပစ်တာဟာလည်း အကြမ်းဖက်စစ်တပ်ရဲ့ဝင်ငွေကို ပိတ်ပင်တာပါပဲ။ နောက်ပိုင်းမှာ အဲဒီတာဝါတိုင်ပျက်တွေကရတဲ့ သံထည်ပစ္စည်းတွေက PDF တွေရဲ့ ဗုံးသီးနဲ့ လက်နက်ထုတ်လုပ်မှုတွေမှာ လွန်စွာ အသုံးဝင်လာခဲ့ပါတယ်။

လက်နက်ထုတ်လုပ်ခြင်း

နွေဦးလက်နက်ကိုင်တော်လှန်ရေးဟာ တကယ့်ကို ဆင်းရဲစွာစတင်ခဲ့ရတာပါ။ လက်နက်ဆိုလို့ ဘာတခုမှ မရှိတဲ့ ပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေးကို အတော့်ကိုကြိုးစားပမ်းစား လုပ်ယူခဲ့ရတာပါ။ “လိုလျှင် ကြံဆ နည်းလမ်းရ” ဆိုသလိုပဲ အချိန်သိပ်မကြာခင်အတွင်းမှာပဲ PDF တွေဟာ ကိုယ်တိုင်လက်နက်ထုတ်လုပ်လာနိုင်ကြပါတယ်။ PDF တွေရဲ့ လက်နက်ထုတ်လုပ်မှုအချို့ကို အောက်မှာ တင်ပြသွားပါမယ်။

၂၀၂၁ ခုနှစ် မတ်လမှာ ၄၀ မမနဲ့ ၈၀ မမ တာဝေးပစ် လက်နက်ကြီးတွေကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း ရေလည်ကျွန်းဒေသ PDF, People Soldier’s Production Teamအဖွဲ့ဝင် DSTAနှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အပါအဝင် PDF ၁၂ဖွဲ့မှ စုပေါင်းပြီး အဝေးပစ်လက်နက်၊ ရှေ့ထွက်မိုင်း၊ ကားမိုင်းများကို ထုတ်လုပ်အောင်မြင်ခဲ့ပါ တယ်။ Special Attacking Force (SAF)မှ ဗြိတိန်ထုတ် AWM ပုံစံတူ စနိုက်ပါသေနတ်အား ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလမှာတော့ 12.7 ကျည်သုံး တာဝေးပစ် ရိုင်ဖယ်ကို Myanmar Defense Force (ရွှေဘို)က ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီလမှာပဲ 5.56 ကျည်သုံး မောင်းပြန်သေနတ်ကို Ayadaw Bone Naing PDF က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ (၁)မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်ကို One Star Task Force-OSTF က ထုတ်လုပ်ခဲ့ပြီး Pluton Project ရှော့တိုက် အဝေးပစ် Non-Guided Missile လက်နက်ကို Burmese Revolutionary Technical Front က ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇွန်လမှာ ဒရုန်းမှာ တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV ဗုံး အမြောက်အမြားကို People Soldiers’ Production Team (PSPT)က ထုတ်လုပ်ခဲ့ပါတယ်။

ဇူလိုင်လမှာတော့ India Shotgun နဲ့ 5.56 ကျည် ၇တောင့်ထိုး သေနတ်ကို ဆရာစံ PDF က ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလမှာ (၃)မိုင်ပြေး တာဝေးပစ် Rocket (ခ) အညာနှဲလေးကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) BDF က ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီလမှာပဲ လက်လုပ် M4 သေနတ်ကို Infinite Revolution Force က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

ရန်ပုံငွေရှာဖွေခြင်း

နွေဦးတော်လှန်ရေး PDF အဖွဲ့တွေရဲ့ မဖြစ်မနေ အလုပ်ရဆုံးကိစ္စကတော့ ရန်ပုံငွေ ရှာဖွေရေးပဲ ဖြစ်ပါတယ်။ ရန်ပုံငွေ ရှာဖွေရေး နည်းလမ်းအချို့ကတော့ Click to Donate အစီအစဉ်၊ ကံစမ်းမဲ အစီအစဉ်၊ Influencer များကို အကူညီတောင်းခံပြီး အလှူခံခြင်း အစီအစဉ်၊ အဖွဲ့များမှ Telegram Channel များ အသုံးပြုပြီး Click သည့် အစီအစဉ်၊ YouTube Channel အသုံးပြုသည့် အစီအစဉ်၊ Game App တွေ ထုတ်သည့် အစီအစဉ်တွေနဲ့ ရပ်ရွာလူထုထံမှ တိုက်ရိုက်အလှူခံတာတွေ ဖြစ်ပါတယ်။

တော်လှန်ရေးကြာလာတာနဲ့အမျှ ရန်ပုံငွေရှာဖွေတဲ့ နည်းလမ်းတွေလည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ပြည်သူလူထုကလည်း တော်လှန်ရေးရန်ပုံငွေတွေကို လက်ရှိအချိန်အထိ တက်တက်ကြွကြွ ထည့်ဝင်နေကြတုန်းပါပဲ။

စစ်ရေးလှုပ်ရှားမှု

စစ်ကိုင်းတိုင်းထဲရှိတဲ့ PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖော်ပြတဲ့နေရာမှာတော့ သူတို့ရဲ့ စစ်ရေး မဟာဗျူဟာတွေနည်းနာတွေကို အသေးစိတ်ဖော်ပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစစ်မြေပြင်ကို အဝေးမြင်နဲ့ ရှု့ကြည့်ရတာဖြစ်နေတဲ့အပြင် တော်လှန်ရေးဆိုင်ရာ အကျိုးစီးပွားအရအချို့အချက်အလက်တွေကို ဖော်ပြဖို့ အခက်အခဲရှိလို့ပါပဲ။

အဲဒီဒေသမှာ PDF တွေ အဓိက အသုံးပြုတဲ့ နည်းနာကတော့ ပြောက်ကျားစနစ်ပဲ ဖြစ်ပါတယ်။ ရန်သူစကစက ကိုယ့်ထက် လက်နက်အင်အား အဆမတန် သာလွန်အားကြီးမားနေတဲ့ အခြေအနေကြောင့် ပြောက်ကျားစစ်ကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တဲ့အတွက်ကြောင့် လူထုထောက်ခံမှုမရှိတဲ့ စကစတပ်တွေ အလူးအလဲ ခံကြရပါတယ်။

PDF တွေဘက်က သေချာပြင်ဆင်ပြီး စကစစစ်စခန်း ဝင်တိုက်တာတွေ၊ ရဲစခန်း စီးနင်းတာတွေကိုလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ လဝကလို၊ ထွေအုပ်လို ရုံးတွေကို ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိပါတယ်။ စစ်ဌာနချုပ်တွေ လေတပ်စခန်းတွေကိုလည်း အလျဉ်းသင့်ရင်သင့်သလို လက်နက်ကြီးနဲ့ ပစ်တာ ဗုံးနဲ့ ပစ်တာမျိုး တွေလည်း ရှိပါတယ်။

ရေကြောင်းအသုံးပြုပြီး မြစ်ကြောင်းတလျှောက်တက်လာတဲ့ စကစသင်္ဘောတွေကိုလည်း PDF တွေက မြစ်ရိုးတလျှောက် ဝိုင်းဝန်းတိုက်ခိုက်လေ့ရှိပါတယ်။

PDF တွေ အားအထားဆုံးနဲ့ အသုံးအများဆုံး ရန်သူချေမှုန်းရေး လက်နက်ကတော့ မိုင်းတွေပဲ ဖြစ်ပါတယ်။ စစ်ကိုင်းက မိုင်းတစ်ရာစစ်ဆင်ရေးက အလွန်နာမည်ကြီးခဲ့ပါတယ်။ ရန်သူ့ယာဉ်တန်းတွေကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့တာလည်း မိုင်းတွေပါပဲ။ မိုင်းတိုက်ပွဲကို အဓိကလုပ်ဖြစ်တဲ့ အခြားအချက်တခုကလည်း အခြားသောစစ်ရေးလှုပ်ရှားမှုများနှင့် စာရင် နှိုင်းယှဥ်ချက်အရ ကုန်ကျစရိတ်နည်းပါးလို့ပါပဲ။

PDF တွေအနေနဲ့ သိပ်အများကြီး တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပေမယ့် ကိုယ့်ဘက်က အန္တရာယ်ကင်းကင်း တိုက်ခိုက်နိုင်တဲ့ လက်နက်တခုကတော့ ဒရုန်းပဲ ဖြစ်ပါတယ်။ ဒရုန်းတခုရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး။ ဒရုန်းတစီးရဲ့ ကာလတန်ဖိုးက မြန်မာငွေ ၃၇ သိန်းခန့် ရှိပါတယ် ဒရုန်းမှာတပ်ဆင်တဲ့ ဗုံး(၁)လုံးတန်ဖိုးဟာ (၇)သောင်းခွဲခန့် ရှိပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်တဲ့ PDF တွေက စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲပေါင်း (၁၀၆)ပွဲလောက် ဆင်နွှဲပြီးပြီလို့ ဆိုပါတယ်။ တောက်လျှောက်အသုံးပြုဖို့အတွက်တော့ ငွေကြေးများစွာ လိုတာအမှန်ပါပဲ။

PDF တွေ အဓိက အထိနာနေရတာကတော့ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ မြေပြင်မှာ လူထုထောက်ခံမှု လုံးဝမရှိတဲ့ စကစခြေလျင်တပ်တွေဟာ လက်နက်ကြီးအလွန်အကျွံ အသုံးပြုတိုက်ခိုက် တာကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာ ရှေ့ဆက်မတိုးနိုင်ကြတော့ပါဘူး။ ဒါကြောင့်မို့ စစ်သုံးရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေကို အများအပြား အသုံးပြုလာပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ သူတို့ကို တော်တော်အကျိုးပြုပါတယ်။ စစ်သုံးတိုက်လေယာဉ်တွေကြောင့် PDF တွေကျဆုံးရတာ မနည်းပါဘူး။

NUG အစိုးရက ရဟတ်ယာဉ်ပစ် လေယာဉ်ပစ် လက်နက်တွေ ရှိနေပြီလို့ ပြောလေလေ စကစက တိုးပြီး ဗုံးကြဲလေလေပါပဲ။ တစင်းမှ ပစ်ချနိုင်တာတော့ မတွေ့ရသေးပါဘူး။ ရေရှည်မှာ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကာကွယ်မလဲ တုံ့ပြန်မလဲဆိုတာ PDF တွေအဖို့ အရေးကြီးဆုံး မေးခွန်းတွေထဲက တခုဖြစ်လာပါတယ်။

နိဂုံး

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ PDFတွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ခြုံငုံသုံးသပ်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

PDF တွေဟာ လက်ဖဝါး ခြေဖဝါးက လာတာပါ။ ဓားရှည်၊ တူမီး၊ လုပ်သေနတ်တွေနဲ့ နိဒါန်းပျိုးခဲ့ရာကနေ အခုသေနတ်ကောင်းတွေ အထိုက်အလျောက် ကိုင်နိုင်နေကြပါပြီ။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ခုခံကာကွယ်ရေးလှုပ်ရှားမှုတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ခုခံကာကွယ်ရေးလှုပ်ရှားမှုတွေလိုပဲ သေနင်္ဂဗျူဟာ ခုခံစစ် အဆင့်မှာပဲရှိပါသေးတယ်။ သေနင်္ဂဗျူဟာ ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်ခြင်းမရှိသေးပါဘူး။

စိတ်ဓာတ်ရေးရာအရဆိုရင်လည်း စကစအပေါ် မခံချင်စိတ် ခံပြင်းစိတ်တွေနဲ့ စတင်ခဲ့ရာကနေ လက်နက်ကိုင်တော် လှန်ရေးကို အတန်အသင့် ဖြတ်သန်းပြီးတဲ့အခါ ရင့်ကျက်မှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တရားရှိတဲ့အတွက် သေးရာမှကြီးလာ၊ နည်းရာမှ များလာပါတယ်။ ဆက်လက် ကြီးထွားလာဖို့ဆိုရင် တစ်နိုင်ငံလုံး အားလုံးအတွက် လွှမ်းခြုံတဲ့ နိုင်ငံရေးအတွေး အမြင်၊ ရုပ်၀တ္တုပိုင်းမှာတော့ လက်နက်ခဲယမ်းတွေ ဒီထက်ပိုပြီး တပ်ဆင်သွားဖို့ လိုအပ်နေပါသေးတယ်။

အဲဒါတွေ ပြည့်စုံတဲ့ တနေ့မှာတော့ ဗမာပြည် စစ်အာဏာရှင်စနစ် ပြိုလဲကျဆုံးပြီး စစ်ကိုင်း တိုင်းမှာသာမက တစ်ပြည်လုံးကောင်းကင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အောင်လံတွေ ဝဲပျံနေမှာ အသေအချာပါပဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article