31 C
Yangon

မင်းကင်းနှင့် ဝက်လက်တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ဘောဘခဲတွင် စစ်တပ် တပ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မင်းကင်းတွင် ပျားသုံးရွာကို မီးလာရှို့သည့် စစ်တပ် စစ်ကြောင်းနှင့် ကာကွာ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသ ပျားသုံးကျေးရွာကို မီးရှို့ရန်လာသည့် ကျော်ရွာမှ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၄၀ ကျော်ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပြန်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို People Defence Force Taung Dwin-Minkin TDPDF မင်းကင်းတပ်ရင်း-၅ နှင့် ရွှေတြိဂံ /ဒေသခံပကဖ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း People Defence Force Taung Dwin Region- Mingin မှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ကျော်ရွာတွင် တစ်နှစ်ကျော်အထိုင်ချ၍ အနီးအနားကျေးရွာများကို မီးရှိ့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်မူ ကျော်ရွာမှ စစ်ကောင်စီဝင်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ပျားသုံးကျေးရွာကို မီးရှို့ရန် အရပ်ဝတ်များဖြင့် လာဝိုင်းခြင်းဖြစ်ပြီး ပျားသုံးရွာမှ တော်လှန်ရေးရဲဘော်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့၍ ညနေ ၃ နာရီကျော်တွင် ကျော်ရွာမှ ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြန်လည်ခုခံ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီနှင် ပျူစောထီးများ ထိခိုက်မှုများ ရှိနိုင်ပြီး အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးရဲဘော်များဘက်တွင် အထိအခိုက်မရှိကြောင်း ဖော်ပြထားသည်။

ပျားသုံးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များသည် ယခင်ကလည်း ၅ ကြိမ်ထက် မနည်း မီးရှို့ခြင်း၊ အိမ်များကို ပေါက်ဆိန်များဖြင့် ထုရိုက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြပြီး ရွာသားများ မွေးဖြူထားသည့် နွား၊ဝက်၊ကြက်များကိုလည်း သတ်ဖြတ်၍ အဓမ္မယူဆောင်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ ပျားသုံးကျေးရွာရှိပြည်သူများမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် လက်ရှိအချိန်တွင် အနွေးထည်များ၊ စောင်များလည်း လိုအပ်လျက်ရှိကြောင်းလည်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မအူရွာအနီးတွင် မိုင်းလာဖြုတ်သည့် စစ်ကားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

တောင်တွင်းဒေသ မအူရွာအနီးတွင်လည်း နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းကို ဖြုတ်ရန် လုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ၁၀ ဦးကို မင်းကင်း PDF အမှတ် ၁၁ တပ်ရင်း ၊ တပ်ခွဲ ၁ မှ စနိုက်ပါနှင့် သုံးချက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေပြီး ကျန် စစ်ကောင်စီဝင်များ ပြန်လည်ဆုတ်ခွာသွားကြောင်း မင်းကင်း PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များသည် မအူပင်ရွာထဲမှ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး​ကြောင်း သိရသည်။

ဝက်လက်မြို့နယ် လှတောကျေးရွာမှ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည်လည်း နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်မှ စတင်၍ ပင်းဇင်းကျေးရွာ၏ အနောက်ဘက် တစ်နေရာတွင် တိုက်ခိုက်ခံခဲ့ရပြီး လေးဦးသေ ၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း People’s Servant Revolution- Wetlet က သတင်ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ+ ဒေသခံ ပကဖနှင့် နတ်တောင်နဂါးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ဘောလခဲခရိုင် ထူးချောင်း စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်မှ စတင်၍ စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေကာ ၂ ဦး အပြင်းအထန် ထိခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF) တပ်ရင်း (1105) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Karenni Revolution Union- KRU က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများနှင့် အဆမတန်ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း တော်လှန်ရေးရဲဘော်များဘက်မှ တစ်စုံတစ်ရာ အထိအခိုက် မရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article