31 C
Yangon

မြန်မာစစ်တပ်က ကျူးလွန်ထားသော စစ်ရာဇဝတ်မှု သက်သေအထောက်အထား သန်းနှင့်ချီရှိ၍ ICC တရားရုံးက အရေးယူရန် အချိန်တန်ပြီဟု ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာစစ်တပ်က ကျူးလွန်ထားသော စစ်ရာဇဝတ်မှု သက်သေအထောက် အထား သန်းနှင့်ချီရှိ၍ ICC တရားရုံးက အရေးယူရန် အချိန်တန်ပြီဟု ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လုံ လောက်သည့် သက်သေအထောက်အထားများရှိကြောင်း၊ ယခုအချိန်သည် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ICC နိုင်ငံတကာရာဇဝတ်တရားရုံးအနေဖြင့် မြန်မာစစ်တပ်၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကနဦးစစ်ဆေးမေးမြန်းမှု (Preliminary Examination) ဖွင့်လှစ်ဆောင်ရွက်နိုင်မည် သို့မဟုတ် လက်ရှိစုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် ခြင်းတို့ကို လုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ထို့ပြင် စစ်တပ်မှ သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် လက်ရှိကျူးလွန်ဆဲ ကြီးလေးသော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့်အပေါ် မြန်မာပြည်သူများက မျှော်လင့်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ ပြီးနောက် ပြည်တွင်းတရားစီရင်ရေးစနစ်မှာ ပျက်စီးသွားခဲ့သောကြောင့် ယခု ကဲ့သို့ ပြောကြားရခြင်း ဖြစ်ကြောင်း၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်ထားသော စစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံ တကာတရားစီရင်ရေးစနစ်ဖြင့် တရားစီရင်၍ မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံလျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါရာဇဝတ် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်အတွက် ဆောင်ရွက်ပေးရန်ကိုပင် ပြည်သူများအနေဖြင့် ယနေ့တိုင် ကူကယ်ရာမဲ့ဖြစ်လျက်ရှိကြောင်းနှင့် စစ် တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရသောနစ်နာသူများ အနေဖြင့်လည်း တရားမျှတမှုမရရှိသေးကြောင်း သံအမတ်ကြီးက ညီလာခံတွင် ပြောဆိုသည်။

စစ်တပ်အနေဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိပြီး ပြည်သူများကိုလည်း လေကြောင်းတိုက်ခိုက် မှုများနှင့် ရွာလုံးကျွတ်မီးရှို့မှုများကိုလည်း ကျူးလွန်လျက်ရှိကြောင်း ၊ ပြီးခဲ့သော စက်တင်ဘာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦး အပါ အဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် (၇) နှစ်မျှသာရှိသေး ကလေးငယ်ပင်ပါရှိကြောင်း၊ ပြီးခဲ့သော သီတင်းပတ်အတွင်း၌လည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါ (A Nang Pa) ၌ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတ‌ဖျော်ဖြေပွဲ ကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနု ပညာရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ (၁၀၀) ဦး ခန့် သေဆုံးခဲ့ကြောင်း၊ လူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိန့် ခွန်းတွင် သံအမတ်ကြီးက ထည့်သွင်းပြောဆိုသည်။

ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များအရ စစ်တပ်အနေဖြင့် ကချင် ပြည် နယ်တွင် အလားတူ တိုက်ခိုက်ခြင်းများကို ဆက်လက်ကျူးလွန်သွားရန်ရှိသည်ဟု သိရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ယင်းတိုက်ခိုက်မှုများကို ခွဲခြားမှုမရှိဘဲ၊ လွန်ကဲသော လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်မှာ မလွဲ မသွေဖြစ်မည်ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများသည်သာ ထိခိုက်ခံရသူများ ဖြစ်လာမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

IIMM နှင့် နိုင်ငံတကာဥပဒေပညာရှင်များ၏ သုံးသပ်ချက်များအရ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ် မှုများအတွက် လုံလောက်သည့် သက်သေအထောက် အထားများရှိကြောင်း၊ ဤရာဇဝတ်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ IIMM အနေဖြင့် အဆိုပါ ရာဇဝတ်မှုကျူးလွန်ထားသည့် အချက်အလက်များကို သန်းနှင့်ချီ၍ ရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် အဆိုပါသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ သက်သေအထောက်အထားများကို အသုံးပြု၍ ICC မှ လိုအပ်သော တရားစီရင်မှုများ ပြုလုပ် နိုင်ရေးအတွက် အမှုလွှဲပြောင်းရန် ထပ်တလဲလဲတောင်းဆိုခဲ့ကြောင်း၊ ICC အနေဖြင့် စစ်တပ်မှ အကျိုးခံစားနေသည့် ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် အဆုံးသတ်ပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် မြန်မာပြည်သူများ၏ အသံများကို နားထောင်ပေးစေလိုကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြေညာထားသည့် Article 12 (3)၊ IIMM ထံမှ ရရှိထားသော သက်သေအထောက်အထားများအပါအဝင် အခြားဖြစ်နိုင် သော နည်းလမ်းအားလုံးကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူပေးစေလိုကြောင်း၊ နိုင်ငံတကာတရားစီရင်ရေးစနစ်က ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံအတွင်းရှိ ဒီမိုကရေစီအင် အားစုများကို အင်အားလျော့နည်းစေပါက အန္တရာယ်ရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ ယုံကြည်ရမှု အပေါ်လည်း သံသယဝင်စေမည်ဖြစ်ကြောင်း၊ ICC ၏ Prosecutor Mr. Kharim Khan က ယခုလိုအခြေအနေအချိန်အခါတွင် ဥပဒေသည် အလှကြည့်စရာတစ်ခုအဖြစ် ရှိရမည်မဟုတ်ကြောင်း ပြောကြားချက်ကို သဘောတူပါကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ICCခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့အကြားတွင် အပြန်အလှန် လေးစားမှု၊ လုပ်ပိုင်ခွင့်၊ အပြန်အလှန်အကျိုးရှိစေသည့်ပုံစံဖြင့် တာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင် ရေးတို့အပေါ် အခြေခံကာ ဆက်ဆံရေးပိုမိုချဲ့ထွင်၍ ဆောင်ရွက်သွားမည့်အပေါ် ထောက်ခံအားပေးသည်ဟု ထပ်လောင်းပြောကြားလိုကြောင်း၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတို့ရရှိနိုင်ရန် အတွက် ခုံရုံး၏ အခန်းကဏ္ဍမှာ အရေးပါသည်ဟု မှတ်ယူသည့်အားလျော်စွာ ကုလသမဂ္ဂယန္တရားတွင် ICC သည် အဓိကနေရာမှ ဆက်လက်ပါဝင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article