26 C
Yangon

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေကြောင်း မိုးဗြဲ PDF ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေကြောင်း မိုးဗြဲနှင့် ဖယ်ခုံဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ PDF အဖွဲ့များသည် လက်ရှိတွင် ‘သွေးကြွေးပြန်ဆပ် သိန်း ၁,၀၀၀ Project’ ပြုလုပ်ထားပြီး ပြည်သူများ ပူးပေါင်းအားဖြည့်ပေးရန် တိုက်တွန်းထားသည်။

စီမံကိန်းကာလသည် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

“ဒီဟာက ကျနော်တို့ရဲ့ ပထမဆုံး ပရောဂျက်ပါ၊ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ ဒေသမှာ အခုတလော မြေပြင်တိုက်ပွဲ ကြီးကြီးမားမားတော့ မဖြစ်ဘူး၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်းမှာတော့ စစ်တပ်နဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ နေ့တိုင်းနီးပါးတော့ တိုက်ပွဲဖြစ်နေတာ ရှိတယ်” ဟု တပ်ရင်း ၁၀၀၇ မိုးဗြဲ PDF တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိတွင် မိုးဗြဲအင်းအနောက်ဘက်ကမ်း ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့များတွင် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသော်လည်း ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရှိရသည်။

“ဖယ်ခုံက စစ်ကောင်စီတပ်ရင်းတွေကနေပြီးတော့ နှစ်ရက်ခြားတစ်ခါလောက် လက်နက်ကြီးတွေနဲ့ ၁၂၀ မမ ပေါ့နော် ရမ်းပစ်နေတာမျိုးရှိတယ်။ ဖယ်ခုံ တပ်ရင်း ၁ နဲ့ မိုးဗြဲ တပ်ရင်း ၂ စိုးမိုးထားတဲ့ နေရာတွေမှာတော့ တိုက်ပွဲကြီးကြီးမားမား မရှိဘူး။ ကျနော်တို့ ကြိုတင်အသင့်ပြင်ထားတာတော့ ရှိတယ်၊ တကယ်လို့ စစ်ကြောင်းထိုးလာခဲ့ရင် လိုလာမယ့် လက်နက်ခဲယမ်းတွေအတွက် ဒီပရောဂျက်ကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု မိုးဗြဲ PDF တပ်ရင်း ၂ မှ တာဝန်ရှိသူက ဆက်ပြောသည်။

‘သွေးကြွေးပြန်ဆပ် သိန်း ၁,၀၀၀ ပရောဂျက်’ ကို နိုဝင်ဘာလ ၁၆ ရက်အတွင်း ရည်မှန်းချက်ပြည့်ရန် PDF များက မျှော်မှန်းထားပြီး ပြည်သူများ ပါဝင်အားဖြည့်ရန် တိုက်တွန်းထားကြသည်။

ပါဝင်ကူညီလိုသူများအနေဖြင့် မိုးဗြဲ PDF တပ်ရင်း ၂ နှင့် ဖယ်ခုံ PDF တပ်ရင်း ၁ ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article