26 C
Yangon

တန့်ဆည်မြို့နယ်၊ ဂရိတ်ကျေးရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများကို လုယက်၊ နေအိမ် ၅၅ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဂရိတ်ရွာကို နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးရာ နေအိမ် ၅၅လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ခလရ၃၆၁နှင့် ခလရ၃၆၉ ပူးပေါင်းတပ်မှ အင်အား ၂၀၀ခန့်ရှိသော စစ်ကြောင်းက ဂရိတ်ကျေးရွာကို ဒုတိယအကြိမ် ဝင်ရောက် မီးရှိူ့ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ် ဧပြီလအတွင်း ဂရိတ်ရွာကို ပထမအကြိမ် မီးရှို့ခဲ့ကြောင်း၊ ပထမအကြိမ် မီးရှို့စဉ် နေအိမ်၁၉လုံး လောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မီးရှို့မှုတွင် နေအိမ် ၅၅ လုံး ပြာကျသွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“နှစ်ကြိမ်ပေါင်း နေအိမ် ၇၄ လုံး လောင်ပါတယ်။ ဒီကောင်တွေက ဘုန်းကြီးကျောင်းကိုပါ မွှေနှောက်ထားခဲ့တာ။ ပြည်သူကို တွေ့ရင် သတ်မယ်၊ အိမ်တွေ့ရင် မီးရှို့မယ်လို့ပဲ တွေးနေတဲ့ကောင်တွေမို့ ဘေးလွတ်အောင် ရှောင်နေရတယ်”ဟု စစ်ဘေးရှောင် ဒေသခံက ပြောသည်။

ဧပြီလအတွင်း ပထမကြိမ် ဂရိတ်ရွာကို စစ်တပ်က လေကြောင်းမှ ‌‌ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဂရိတ်ရွာ အထက် တန်းကျောင်းရှိ စာသင်ဆောင် ပျက်စီးခဲ့ရကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က ခြေလျှင်ဝင်ရောက်၍ ဂရိတ်ရွာ နေအိမ်များမှ ရွှေ၈ကျပ်သားခန့်ကို ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား၃၅၀ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article