26 C
Yangon

ပေါင်းတည်၊ လဲပင်ရွာတွင် စစ်ဘေးရှောင် ဦးဖိုး၀ကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၁၁ လုံးကို မီးရှို့၊ ပေါင်းတည် PDF တပ်စုမှူး ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ လဲပင်ရွာမှ စစ်ရှောင်ပြည်သူ ဦးဖိုး၀(ခ) ဦးသိန်းဇော်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ဘေးရှောင် တဲတန်းလျား ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ အကြမ်းဖက် စစ်တပ်က လဲပင်ရွာမှ စစ်ရှောင်ပြည်သူ ၃၀၀ ခန့်နေထိုင်သည့် တဲတန်းလျား ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ မီးရှို့ဖျက်ဆီးပြီးနောက် စစ်ဘေးရှောင် ပြည်သူများ မွေးမြူထားသည့် နွား ၁ ကောင်ကို ပစ်သတ် စားသောက်သွား​ပြီး စစ်ဘေးရှောင် ပြည်သူတစ်ဦးဖြစ်သူ ဦးဖိုး၀ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ လေးဆယ်ကြိုးဝိုင်း ကြို့ပင်တောင်တွင် စစ်တပ်က ညအိပ်ပြီး ဖမ်းဆီးလာသော စစ်ဘေးရှောင် ပြည်သူ အသက် ၅၂ နှစ် အရွယ် ဦးဖိုးဝ(ခ)ဦးသိန်းဇော်ကို နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း၊ သတ်ဖြတ်သည့်နေရာ အနီးအနားရှိ နေအိမ် ၅ လုံးကို မီးရှို့သွားကြောင်းသိရသည်။

စစ်တပ်က ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သွားသော ဦးဖိုးဝ၏ ရုပ်အလောင်းကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တွေ့ရှိရသဖြင့် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သွားရောက် သယ်ဆောင်ပြီး ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

လဲပင်ရွာမှ ပြည်သူများသည် ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်း မီးရှို့ချိန်မှ ယနေ့ အချိန်အထိ စစ်ဘေးရှောင်နေရသော ပြည်သူများ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပဲခူးတိုင်း၊ ပြည်ခရိုင်PDF မှ တပ်စုမှူးရွှေဥဒေါင်းနှင့်အဖွဲ့ဝင် ၃ ဦးသည် စစ်တပ်စစ်ကြောင်းကို မိုင်းထောင်ရန်သွားစဉ် စစ်တပ်၏ဖမ်းဆီးခြင်းခံလိုက်ရကြောင်း၊ ဖမ်းဆီးခံရသည့် ညပိုင်း စစ်တပ်ကင်းသမားများအလစ်တွင် ထွက်ပြေးကြရာ PDF အဖွဲ့ဝင် ၃ ဦး လွတ်မြောက်ခဲ့သော်လည်း တပ်စုမှုးရွှေဥဒေါင်းမှာ လေးဆယ်ကြိုးဝိုင်းကြို့ပင်တောင်တွင် ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ စစ်တပ်က တပ်စုမှူး ရွှေဥဒေါင်းကို ပြန်လည် ဖမ်းဆီးရမိချိန်တွင် သတ်ဖြတ်လိုက်ကြောင်း ပေါင်းတည် PDF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်တပ်က သတ်ဖြတ်သွားသော တပ်စုမှူးရွှေဥဒေါင်း၏ အလောင်းကို ရှာဖွေတွေ့ရှိရသဖြင့် ယင်းနေ့ ၁၂ နာရီအချိန်ခန့်တွင်အမိန့်ပြန်မီးသဂြိုလ်ခဲ့ကြောင်း ပေါင်းတည်PDF က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article