25 C
Yangon

ကောလင်းတွင် စစ်တပ်က ကိုမြတ်သူအောင်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁၅ မိနစ်အတွင်း သတ်ဖြတ်၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံပြည်သူတစ်ဦး ကိုမြတ်သူအောင်ကို ၁၅ မိနစ်အတွင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကိုမြတ်သူအောင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကောလင်းမြို့နယ်ရှိ ဇော်ဆေး ဆိုင် အနီးတွင် ဖုန်းကြည့်နေသည့် အထက်သီတရာ ကျေးရွာသား ကိုမြတ်သူအောင်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ပြီး ဖုန်းကို ယူ၍ စစ်ဆေးကာ မြို့နယ် ထွေအုပ်ရုံးထဲသို့ ရိုက်နှက် ခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုမြတ်သူအောင်ကို အကြမ်းဖက် စစ်တပ် ရိုက်နှက် ခေါ်ဆောင်သွားပြီးနောက် ၁၅ မိနစ်ခန့်တွင် ထွေအုပ်ရုံးထဲသို့ လူနာတင်ကား ဝင်ရောက်သွားကြောင်း၊ ကိုမြတ်သူအောင် သေဆုံးကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့တွင်မှ မိသားစုက သိရှိရကြောင်း၊ စစ်တပ်က မိသားစုများကို ကိုမြတ်သူအောင် သေဆုံးကြောင်း အကြောင်းကြားခြင်းမရှိဘဲ ရုပ်အလောင်းကို ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

” အသတ်ခံလိုက်ရတာ အလောင်းပြန်မရဘူး။ ရက်လည်ဆွမ်းတောင် ရက်မှန်းပြီး လုပ်ရတဲ့ အဖြစ်ဆိုးပါ။ ၂၇ ရက်နေ့ ကိုမြတ်သူအောင်ရဲ့ မိတ်ဆွေတွေက ကောလင်းဆေးရုံကို လိုက်သွားပြီး စုံစမ်းမှ ရုပ်အလောင်းရောက်နေတာကို သိရတာပါ။ ဘာကြောင့်ဆုံးသွားလဲ ဆိုတာလည်း မသိရပါဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ကိုမြတ်သူအောင်တွင် ရင်ခွင်ပိုက် ကလေးငယ် ၁ ဦး၊ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး၊ ဇနီးဖြစ်သူတို့ ကျန်ရစ်ကြောင်း ၊ ကောလင်းဒေသခံတချို့၏ အဆိုအရ ကိုမြတ်သူအောင်၏ ဟန်းဖုန်းကို စစ်တပ်က ယူစစ်ဆေးပြီးနောက် ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းသည်ဟု သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ကောလင်းမြို့နယ် ရွာမရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် စန္ဒယားကုန်း (ဘိုဘွားရိပ်သာအနီး)ရှိ လူနေအိမ်တစ်ခုကို ထိမှန်ကာ လင်မယား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Photo – ကောလင်းတွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ကိုမြတ်သူအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article