25 C
Yangon

ကလေးနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရပြီး ၃ ဦးသေဆုံး၊ တန့်ဆည်တွင် စစ်တပ် တပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို Kalay PDF က နိုဝင်ဘာလ ၃ ရက် ယနေ့နံနက်၌ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး နေရာတွင်သေဆုံးပြီး စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ထောက်ကြန့်ကျေးရွာရှိ သက်ကြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်တွင် အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို မြို့ကြီးကုန်းနှင့် ကလေး နည်းပညာတက္ကသိုလ်ကြားတွင် Kalay PDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း Kalay PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ ၃ ဦး ကို အဖွဲ့စက်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း သိရရှိရသည်။

အဖွဲ့စက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် နံနက် ၁၁ နာရီခန့်တွင်ထောက်ကြန့်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အများပြည်သူနေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း Kalay PDF က ယနေ့ သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရွှေဒေါင်းမင်းဆီဆိုင်၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)၊ စစ်ကိုင်းတပ်ရင်း (၃) တို့ပူးပေါင်းကာ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကာကွယ်တပ်ဖွဲ့များ ပစ်ခတ်ခဲ့သော ဗုံးသီး ၂ လုံးသည် စခန်းတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့​ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးအခြေအနေကို အတည်မပြုနိုင်သေးကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် ဘီးလင်းမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲပစ်ခတ်ရာ စစ်ကားအကြီးတစ်စီး ပျက်စီးသွားပြီး စစ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း သတင်းရရှိသည်။

သထုံဘက်မှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ အရှေ့ဘက်တွင် KNLA တပ်ရင်း ၂ တပ်ခွဲ ၃၊ သထုံခရိုင် PDF အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article