25 C
Yangon

မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချခဲ့တဲ့ အစ္စရေးစစ်ဘက်ဆိုင်ရာ အရာရှိများနှင့် လက်နက်ကုမ္ပဏီ သုံးခုကို အကျင့်ပျက်ခြစားမှုနှင့် စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

အစ္စရေးနိုင်ငံရဲ့ လက်နက်ကုမ္ပဏီ ၃ခုအပါအဝင် အစ္စရေး စစ်ဘက်ဆိုင်ရာဌာနက ထိပ်တန်း အရာရှိတွေဟာ မြန်မာနိုင်ငံအတွက် စစ်လက်နက်ရောင်းချမှုတွေနဲ့ဆက်စပ် အကျင့်ပျက်ခြစားမှုတွေမှာ ပါဝင်ပတ်သတ်နေလို့ တိုင်ကြားခံထားရပါတယ်။

အဆိုပါ တိုင်ကြားခံရမှုနှင့် ပတ်သက်တဲ့ အကြောင်းအရာ အပြည့်အစုံကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်တပ်ရဲ့ လက်နက်ကိစ္စနဲ့ အကျင့်ပျက်ခြစားမှုတွေကို မကြာခဏ ဖော်ထုတ်လျှက်ရှိတဲ့ Justice For Myanmar က အသေးစိတ် ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။

အစ္စရေးလက်နက်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Aerospace Industries, Elbit Systems နဲ့ Israel Shipyards၊ အပါအဝင် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးပစ္စည်းတင်ပို့မှု ထိန်းချုပ်ရေး အေဂျင်စီ (DECA) ရဲ့ ဒါရိုက်တာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးပစ္စည်း တင်ပို့မှုဌာနရဲ့ အကြီးအကဲတို့ကို မြန်မာနိုင်ငံရဲ့ လက်နက်ရောင်းဝယ်ရေးကိစ္စရပ်တွေမှာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးဖို့ အစ္စရေးရဲ့ ရှေ့နေချုပ်ရုံးထံ တင်သွင်း တိုင်ကြားထားခြင်း ဖြစ်ပါတယ်။

တိုင်ကြားမှုကို အစ္စရေးနိုင်ငံသား ၆၀ ဦးတို့ကိုယ်စား ရှေ့နေကြီး အီတေမတ်ခ်က ဦးဆောင်ပြီး အစ္စရေးရှေ့နေချုပ်ထံ ၂၀၂၂ခုနှစ် အောက်တိုက်ဘာလ ၃ ရက်နေ့က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားသူတွေထဲမှာ အစ္စရေးလွှတ်တော် ဥက္ကဌဟောင်း၊ ထင်ရှားတဲ့ အစ္စရေးနိုင်ငံက နိုင်ငံရေးပညာရှင်တွေ ပါဝင်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အဓိကပါဝင်ခဲ့ကြပါတယ်။

အဓိကအားဖြင့် ၂၀၁၅ ခုနှစ်ကစပြီး အစ္စရေးနိုင်ငံက စစ်လက်နက်တွေ ရောင်းချမှုနဲ့ ဈေးကွက်ရှာဖွေမှုတွေမှာ မြန်မာခရိုနီကုမ္ပဏီ Star Sapphire Trading ရဲ့ ပါဝင်ပတ်သတ်မှုကို တိုင်ကြားတာဖြစ်ပါတယ်။

Star Sapphire Trading ကုမ္ပဏီက အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အစ္စရေးစစ်လက်နက်ကုမ္ပဏီကြီး ၃ ခုရဲ့ မြန်မာနိုင်ငံ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ရာကနေ အစပြုခဲ့တာပါ။

အဲ့ဒီကုမ္ပဏီကြီး ၃ ခုဟာ ၁၉၉၇ ခုနှစ် အစ္စရေးပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၁(က) တို့ကို ချိုးဖောက်ပြီး အကျင့်ပျက်ချစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တိုင်ကြားမှုရဲ့ ပထမအချက်မှာ ပါဝင်ထားပါတယ်။

စစ်လက်နက်ရောင်းချမှုတွေမှာ Star Sapphire ကုမ္ပဏီရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို ခွင့်ပြုပေးခဲ့တဲ့ အရာရှိတွေကို ၁၉၇၇ ခုနှစ် အစ္စရေးပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁ အရ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

အဓိကအားဖြင့် နိုင်ငံအစိုးရ အချင်းချင်း စစ်လက်နက်ရောင်းချမှုတွေမှာ ကြားခံပွဲစား ဝန်ဆောင်မှုတွေအတွက် Star Sapphire လိုပုဂ္ဂလိကကုမ္ပဏီကို ဘာကြောင့်အသုံးပြုရတယ်ဆိုတာကို ဖြေရှင်းပေးဖို့ တိုင်ကြားချက်မှာ ပါဝင်လာတာပါ။

Star Sapphire ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ သူရဲ့သမီးဖြစ်သူ ခင်သီရီသက်မွန်တို့နဲ့ စီးပွားရေးဆက်နွှယ်မှုတွေရှိတဲ့ မြန်မာ စစ်လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်က ဦးဆောင်ထားပါတယ်။

ထွန်းမင်းလတ်က အရင်စစ်အစိုးရလက်ထက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်ခဲ့သူ၊ ဒုတိယဗိုလ်မှူးကြီးဟောင်း ခင်မောင်လတ်ရဲ့ သားဖြစ်ပါတယ်။

အစ္စရေးလက်နက်ကုမ္ပဏီ ၃ခုက မြန်မာစစ်တပ်ကို အဓိကအားဖြင့် Skylark ပဲ့ထိန်းမဲ့ဝေဟင်ယာဉ် (UAVs) နဲ့ Super Dvora MK III အမျိုးအစား အမြန်သွားကင်းလှည့်ရေယာဉ်တွေကို အဓိကရောင်းချခဲ့ပါတယ် ။ ဒီစစ်လက်နက်ဆိုင်ရာ ယာဉ်ယန္တရားတွေကို လက်ရှိ နိုင်ငံတဝန်း စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အဓိက အသုံးပြုနေတယ်လို့ သိထားရပါတယ်။

လက်ရှိမှာ အစ္စရေးကုမ္ပဏီ၃ခုနဲ့ မြန်မာစစ်တပ်ကြား လက်နက်ပွဲစား လုပ်ပေးခဲ့တဲ့ ထွန်းမင်းလတ်ဟာလည်း ၂၀၂၂ခုနှစ် စက်တင်ဘာလက မူးယစ်ဆေးဝါးမှောင်ခိုရောင်းချမှု ၊ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံထားရပြီဖြစ်ပါတယ်။

လတ်တလော Star Sapphire Group ရဲ့ အမှုဆောင်ဒါရိုက်တာဟာ ထက်အောင်ဆိုသူဖြစ်ပြီး နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးဖြစ်ခဲ့သူ၊ ဥရောပသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်း ချမှတ်ခံခဲ့ရသူ ဗိုလ်မှူးချုပ်ဟောင်း ဇင်ယော်ရဲ့ သားလည်းဖြစ်ပါတယ်။

Star Sapphire ဟာ ကြားခံ လက်နက်ပွဲစားလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ အစ္စရေးနိုင်ငံကို သွားရောက်ခဲ့တဲ့ မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်အဖွဲ့ဝင်တွေနဲ့ အစ္စရေး အစိုးရတို့အကြား ထိတွေ့ဆက်ဆံမှုတွေရှိခဲ့တဲ့ အချိန်မှာ စတင်ခဲ့တာပါ။

အကျင့်ပျက်ခြစားမှု လျှောက်ထားတိုင်ကြားလွှာ ရဲ့ ထပ်မံပြီး စစ်ဆေးပေးဖို့ တောင်းဆိုထားတဲ့ အချက်တွေမှာတော့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ လက်နက်ကုမ္ပဏီ ၃ခုမှ ကျန်ရှိစာရွက်စာတမ်းတွေကို ချက်ချင်းရှာဖွေ သိမ်းဆည်းရေး အမိန့်၊ Star Sapphire Group နဲ့ ငွေပေးချေမှုသဘောတူစာချုပ်၊ သက်သေ အထောက်အထားဖုံး ကွယ်ထားမှုတွေ ကို ဖယ်ရှားပေးဖို့ တောင်းဆို ထားပါသေးတယ်။

အခုဦးဆောင်တိုင်ကြားထားသူ ရှေ့နေ အီတေမက်ခ်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချမှုဟာ လူမျိူးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်တာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ တင်သွင်းလွှာတစ်စောင်ကို ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့ဖူးပါသေးတယ်။

လက်ရှိတိုင်ကြားထားမှုအပေါ် Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“မြန်မာနိုင်ငံဆီ စစ်လက်နက်ရောင်းချမှုတွေကတဆင့် အကျင့်ပျက်ခြစားမှု၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီမှုတွေကို ရာဇဝတ်ကြောင်းအရ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ ကျူးလွန်သူအားလုံးကို မဖြစ်မနေ တာဝန်ခံခိုင်းရမှာ ဖြစ်ပါတယ် ”

အခုဖြစ်စဉ်အတွက် ဦးဆောင်တိုင်ကြားထားသူ အစ္စရေး ရှေ့နေ အီတေမက်ခ်ကလည်း

” မြန်မာစစ်တပ်က လက်ရှိကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ပါဝင်ပါတယ်။ အစ္စရေးအနေနဲ့ ဒီရာဇဝတ်မှုတွေကို ရပ်တန့်ပြစ်ဖို့အတွက် ရှေ့ထွက်၊ တာဝန်ယူဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ အစ္စရေးနိုင်ငံဟာ ကြိုတင်မြင်နိုင်တဲ့ လူ့အခွင့်ရေး ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံကို စစ်လက်နက်တွေ လွှဲပြောင်းပေးအပ်ကူညီခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ကြောင်း ကောက်ချက်ချထားပါတယ်။

ဒါ့ကြောင့် အစ္စရေးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းချမှု ကိစ္စရပ်တစ်ခုလုံးမှာ အဓိက ပါဝင်ပတ်သတ်ဆက်နွယ်နေသူတွေကို ဖော်ထုတ်အရေးယူမှုတွေ အမြန်ဆုံးပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article