28 C
Yangon

အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးက ငွေစု မဲဖောက် အလှည့်ကျ ရယူသည့် စနစ်ဖြင့် ငွေကျပ် သိန်းတစ်သောင်းကျော် လိမ်လည် ထွက်ပြေး၊ အမှုဖွင့်လှစ်သွားရန်ရှိ

Must read

ရန်ကုန် ၊ နိုဝင်ဘာ ၄

အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးက ငွေစုမဲ၊ ရောင်းမဲများ ရောင်းချခြင်းနှင့် မဲဖောက် အလှည့်ကျ ငွေယူ စုဆောင်းသည့် စနစ်မှ ရရှိသည့် လှည့်လည်ငွေ ကျပ် သိန်းတစ်သောင်းကျော် လိမ်လည် ထွက်ပြေး တိမ်းရှောင်သွားသဖြင့် အမှုဖွင့်လှစ်သွားရန်ရှိကြောင်း ငွေလိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်း၏ ဒုတိယဇနီးဖြစ်သူ ခင်မြတ်နိုးက လူမှုကွန်ရက်မှတစ်ဆင့် စုမဲ၊ ရောင်းမဲများကို ဒိုင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ငွေထည့်မည့် လူများစွာကို စုဆောင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်ဝန်းကျင်က တည်းက စုမဲ၊ ရောင်းမဲများကို ဒိုင်အဖြစ် ခင်မြတ်နိုး က လူမှုကွန်ရက်တွင် May Myat Noe အကောင့်အမည်ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လူပေါင်းများစွာကို စည်းရုံးပြီး သိန်းတစ်သောင်း ကျော် လှည့်ပတ်ငွေရှိလာချိန်တွင် အောက်တိုဘာ ၃၁ ရက်နေ့မှ စ၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူများ ထံမှ သိရှိရသည်။

ငွေလိမ်သွားပုံမှာ အချိန်ယူ စနစ်တကျ ယုံကြည်မှုသွင်း၍ သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“လူအများရဲ့ ပိုက်ဆံတွေ လိမ်ပြေးသွားလို့ပါရှင်။ သိန်း တစ်သောင်း ကျော်လို့ သိရပါတယ် ပျမ်းမျှအားဖြင့်။ အသိညီမလေးတွေ၊ မွေးခါနီး ကိုယ်ဝန်ဆောင်တွေ ပါသွားပါတယ်။ သူက စုမဲလူအများက ၂ နှစ် ၃ နှစ် နီးပါး စုလာကြတဲ့ စုမဲ၊ ရောင်းမဲတွေ၊ ရွှေ၊ ဖုန်း စတဲ့ စုမဲတွေကို လိမ်လည် ထွက်ပြေးသွားတယ်” ဟု လိမ်လည်ခံရသူများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လူမှုကွန်ရက်မှတစ်ဆင့် ငွေသွင်းငွေထုတ်များကို ၎င်းက ပုံမှန် လုပ်ဆောင်ပေးခဲ့သဖြင့် နာမည်ကြီးလာပြီး လူအများအပြားက ယုံကြည်လာကြောင်း စုမဲအနေဖြင့်လည်း သိန်း ၅၀ စုမဲမှ သိန်း ၃၀ စုမဲအထိ အလှည့်ကျ ငွေစု မဲနှိုက်သည့် ပုံစံဖြင့်လည်း ငွေကြေးဒိုင်အဖြစ်လုပ်ကိုင်ကြောင်း၊ ငွေလိုချင်သူများအတွက်လည်း မဲများ ရောင်းချပေးပြီး မဲဖောက်ပေးကြောင်း သိရှိရသည်။

“၂၀၁၆ ကတည်းက ငွေစုခဲ့ကြတယ်။ သိန်း ၃၀ စုမဲ၊ သိန်း ၅၀ စုမဲ၊ အဲဒါတွေက ရိုးရိုးငွေစုတာပါ။ မဲနှိုက်အလှည့်ကျ ငွေထုတ်။ ရောင်းမဲကတော့ ဒီနေ့ တစ်သိန်းပေး နောက် တစ်လနေ တစ်သိန်းခွဲ ပြန်ရ ဆိုတာမျိုး လုပ်တာပါ။ အခု ငွေစုမဲသမားတွေရော၊ ရောင်းမဲငွေတွေရော ဖုန်း၊ ရွှေ ငွေ အကုန်ပဲ။ အိမ်လိုက်သွားတဲ့ လူတွေက မတွေ့တော့ဘူး။ အောက်တို ဘာ ၃၁ ရက်နေ့မှာ ပျောက်သွားတာပါ ” ဟု လိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ငွေလိမ်ခံရသူ ပြည်သူတချို့ကလည်း ၎င်းတို့လင်မယားကို အမှုဖွင့်လှစ်ရန် ကြိုးစားလျက်ရှိပြီး အချက်အလက်များ စုဆောင်းနေသည်ဟုဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးတို့ကို ဆက်သွယ်မေးမြန်းရန် ၎င်းတို့ အသုံးပြုခဲ့သည့် ဟန်းဖုန်းနှင့် လိပ်စာကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article