28 C
Yangon

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အပြင် အမျိုး ဘာသာ သာသနာနှင့် အိမ်တိုင်းတွင် ဘုရားစင် မပျောက်ရေး စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ဟု ခင်ရီက လှည့်လည်ဟောပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်တော်သား ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု အပြင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေး နှင့် အိမ်တိုင်းတွင် ဘုရားစင် မပျောက်ရေး စစ်တပ်၏ ယနေ့ အာဏာသိမ်းမှု ဖြစ်ပေါ် လာသည်ဆိုသော သဘောထားများကို ဟု လှည့်လည်ပြောဆိုလျက်ရှိသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းတွင် ကျင်းပပြုလုပ်သော ကြံ့ဖွတ်ပါတီဝင်များနှင့်တွေ့ဆုံပွဲတွင် ကြံ့ဖွတ်ခင်ရီက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်က အာဏာရယူထားခြင်းမှာ ရွေးကောက်ပွဲ မဲသမာမှုကြောင့်ဖြစ်ပြီး အတိတ်ကာလ အမျိုး ဘာသာ သာသနာအပေါ် ဖိနှိပ်မှုများကို တန်ပြန်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ အကယ်၍ ယနေ့ အခြေအနေ မဖြစ်ပေါ်ခဲ့လျှင် အိမ်တိုင်းတွင် ဘုရားစင် ရှိတော့မည်မဟုတ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

“မဲစာရင်း မှားယွင်းတဲ့ကိစ္စ၊ ရွေးကောက်ပွဲလွန်ကာလမှာ ဖြစ်ခဲ့တဲ့ တရားမဲ့ပြုကျင်မှုတွေ။ ဒါကို အခြေတည်လိုက်တာ။ နိုင်ငံတော်က ဒါကိုပဲ ပြောတာ။ ဒါပေမယ့် ဒီမတိုင်မှာ အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ အမျိုးဘာသာ သာသနာကိစ္စ။ မဟုတ်ရင် ဒီအချိန် ခင်ဗျားတို့အိမ်မှာ ဘုရားစင်တောင် ရှိမှာမဟုတ်ဘူး။ အမျိုး ဘာသာ သာသနာနဲ့ပတ်သက်တဲ့ကိစ္စတွေ။ အမျိုးသားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ။ အမျိုးသားရေး သီချင်းက ခေတ်မီတော့ ဘူးလို့ ပြောနေတဲ့သူတွေ။ ကျောင်း မှာရှိတဲ့ မကြားဝံ့မနာသာ ပညာရေးစနစ်တွေ ဒါတွေက အားလုံးသိပါတယ်။ ဒါတွေကို တိုင်းပြည်က ထည့်မပြောပါဘူး။ ကနေ့ ဒီလိုအခြေအနေတွေကြောင့် ဒါတွေလုပ်ရတယ်” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

ကြံ့ဖွတ်ခင်ရီသည် ဦးသိန်းစိန်အစိုးရလက်ထက်မှစတင်၍ မဘသနှင့်အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုကို ကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်တွင်လည်း ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြင့် စစ်တပ် အာဏာသိမ်းရေး ကြိုးပမ်းခဲ့သူဖြစ်ကာ လက်ရှိ ကြံ့ဖွတ် ဥက္ကဋ္ဌ ဖြစ်လာချိန်တွင်လည်း အမျိုး ဘာသာ သာသနာနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒများကို ရှေ့တန်းတင် တစ်ကျော့ပြန် ဟောပြောလာခြင်းလည်းဖြစ်သည်။

ခင်ရီက ကြံ့ဖွတ်ပါတီကို ပြုပြင်ပြောင်းလဲမည့် စီမံချက်များ ချမှတ်ရေးဆွဲနေပြီး အချက် ၂၇ ချက်ပါဝင်ကြောင်း၊ ကြံ့ဖွတ်ပါတီဝင်များ၏ လုံခြုံရေးအတွက်ပါ စီမံချက်များတွင် ထည့်သွင်း စီမံထားကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article