ရန်ကုန်၊ အောက်တိုဘာ ၂၂
အိမ်ဖော်လုပ်ရန် ဒူဘိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ၆ လတိတိ အလုပ်မရ၊ လစာမရဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရသူ မမေသဇင်ဦးသည် အေးဂျင့်လက်ထဲမှာ ထွက်ပြေးပြီး မြန်မာနိုင်ငံပြန်လိုသော်လည်း လျှော်ကြေး ငွေကျပ်သိန်း ၆၀ တောင်းနေ၍ အခက်တွေ့နေကြောင်း ကာယကံရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မမေသဇင်ဦးသည် ဒူဘိုင်းနိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး လက်ရှိအချိန်အထိ အလုပ်မရရှိဘဲ ဒူဘိုင်းအေးဂျင့်ထံတွင် အိမ်ဖော်အလုပ်များ လုပ်ဆောင်ပေးနေရကြောင်း၊ နေရပ်ပြန်လိုသော်လည်း Passport ၊ မှတ်ပုံတင်များ သိမ်းဆည်းခံထားရကြောင်း၊ မြန်မာပြည်ပြန်လိုပါက AED ၆၀၀၀ ( မြန်မာငွေ သိန်း ၆၀) ပေးလျော်မှသာ ပြန်ခွင့်ပေးမည်ဟု အေးဂျင့်က ပြောကြားလာကြောင်း၊ လစာလည်း မရရှိဘဲ ပွဲစားအေးဂျင့်၏ အိမ်တွင် အိမ်အလုပ်များ လုပ်ဆောင်ပေးနေရကြောင်း မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“လေးလပိုင်း ၂၄ ရက်နေ့ကတည်းက ရောက်တာ။ အခုထိ အလုပ်လည်း မရသေးပါဘူး။ လစာလည်း မရသေးပါဘူး။ အေးဂျင့်ရဲ့ အိမ်နဲ့ သူ့သားရဲ့ အိမ်မှာပဲ အိမ်အလုပ်တွေ လုပ်ပေးနေရပါတယ်။ ကားရေဆေးခိုင်းရင်လည်း နေပူကြီးထဲမှာ ဆေးခိုင်းပါတယ်။ ထမင်းကိုလည်း မကောင်းတွေ ပုပ်နေတာတွေ ကျွေးလို့ တခြားလူတွေနဲ့ ရန်တွေ ဖြစ်ကြပါတယ်။ သမီးက မဖြစ်ခဲ့ပါဘူး အေးဆေးပဲ သူတို့ ပြောတဲ့အတိုင်းပဲ နေပါတယ်။ ဒုက္ခရောက်နေလို့ ကူညီပေးပါနော်” ဟု မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မမေသဇင်ဦးကို ဒူဘိုင်းသို့ ပို့ဆောင်ပေးသည့်ပွဲစားမှာ သူရိယ ကုမ္ပဏီမှ ဦးမျိုးဝေတင့်ဆိုသူဖြစ်ပြီး လက်ရှိ မမေသဇင်ဦးကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ မည်သည့် အကူအညီမှ မပေးကြောင်း၊ ၄ လပိုင်းကတည်းက ရောက်ခဲ့ပြီး ၅ လပိုင်းတွင်မူ “နင့်အတွက် ဒီနိုင်ငံမှာ အလုပ်မရှိဘူး အင်္ဂလိပ်စာ မတတ်လို့” ဟုသာ ပြောဆိုကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဒူဘိုင်း အေးဂျင့်ထံသို့ အကြိမ်ကြိမ် တောင်းပန်ပြောဆိုသော်လည်း AED 6000 (မြန်မာငွေ သိန်း ၆၀ ဝန်းကျင်) ပေးမှသာ ပြန်ရမည်ဟု ပြောဆိုကြောင်း၊ အလုပ်ရှာမပေးဘဲ အိမ်အလုပ်များသာ ခိုင်းစေနေကြောင်း၊ မြန်မာပြည်မှ မိသားစုဝင်များမှာလည်း နေအိမ်ဖျက်သိမ်းခံလိုက်ရသဖြင့် လျှော်ကြေးလည်း ပေးနိုင်သည့် ငွေအင်အားမရှိ၍ အခက်တွေ့နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“သမီးက ဒူဘိုင်းကို မြန်မာအေးဂျင့်ကို ၁၂ သိန်း အကျေပေးပြီး လာခဲ့တာပါ။ အဲဒါကို သမီးအခုလို ကြုံတွေ့နေရတာ ဘာတာဝန်မှ မယူပေးဘဲ နင်ဖြစ် နင်ခံ နင်ညံ့လို့ နင်ခံရတာ ဆိုပြီး ဘာမှာ အကူအညီမပေးပါဘူး။ ဒူဘိုင်းအေးဂျင့်ကလည်း ဖုန်းကို အမြဲယူစစ်တယ်။ အရင်က မြန်မာအစ်မကြီး တစ်ယောက်က ဖုန်းမှာ Location တွေ ဘာတွေ အကုန်ထည့်ပေးသွားတာကို သူတို့က ယူစစ်ပြီး အကုန်ပြန်ဖျက်ပစ်တယ်။ ခု အိုမန်ပို့မယ်လည်း ပြောနေပေမယ့် ဘာမှ မလုပ်ပေးပါဘူး။ ပြန်ဖို့ကိုလည်း လျော်ကြေးပဲ တောင်းနေပါတယ်။ လစာမရဘဲ သူတို့အလုပ်တွေကိုပဲ လုပ်ပေးနေရတာပါ” ဟု မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
လက်ရှိတွင် မမေသဇင်ဦးသည် ဒူဘိုင်းအေးဂျင့်လက်ထဲမှ ထွက်ပြေးပြီး လမ်းပေါ်တွင် နေထိုင်နေရကြောင်း၊ ရဲစခန်းကို အကူအညီတောင်းသော်လည်း ရဲစခန်းက မောင်းထုတ်ကြောင်း ၎င်းက ပြောဆိုသည်။