27 C
Yangon

စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင်တွင် မွတ်ဆလင် ကျောင်း ဆရာ ၁ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ

Must read

ရန်ကုန်၊နိုဝင်ဘာ ၅

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာကို အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မွတ်ဆလင် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ဦးနှင့် အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန့်ခန့်က ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာသို့ လက်နက်ကြီး ကျည်များကျရောက်ကာ ကျောင်းဆရာ ၁ဦး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ပြီး နောက်ထပ် နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၃၀ကျော်အရွယ်ရှိ ကျောင်းဆရာ ဦးအဘူနော်ဆဲရ်သည် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး အသက် ၃၂ ကျော်အရွယ် လိုင်နာ မှာ ညာဖက်လက်မောင်းတွင်ဒဏ်ရာများရရှိသွားကာ အသက် ၅ နှစ်အရွယ်ရှိသည့် မာမတ်အာနူတွင် ဘက်ဖက်ခြေသလုံးများတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာ၏ လူကြီးတစ်ဦးက “တိုက်ပွဲမဖြစ်ဘူးနော်။ မြန်မာစစ်တပ် အမှတ် (၁၅) စစ်ဆင်ရေး က လက်နက်ကြီးတွေနဲ့ ပစ်တာနော်။ လက်နက်ကြီး ရွာကို လေးလုံးပစ်တယ်။ ၃ သုံးပေါက်ကွဲတယ်။ ပထမ ကလေးတစ်ယောက်တစ်ဦးဒဏ်ရာရတယ်။ အဲ့ဒါကို ကျောင်းဆရာက သွားကြည့်တယ်။ လမ်းမှာ လက်နက်ကြီးကျလို့ အူးထွက်ပြီး ကျတဲ့နေရာမှာပဲ သေတယ်” ဟုပြောသည်။

ယင်းကဲ့သို့ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲတစ်စုံတစ်ရာမဖြစ်ဘဲ စစ်ကောင်စီဖက်က လက်နက်ကြီးများ လှမ်းပစ်ခတ်မှုရှိနေပြီး ညနေပိုင်းထိ ပစ်ခတ်မှုများရှိကာ ကျေးရွာဒေသခံတစ်ချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို ယနေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း လူမှုကူညီရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

“အဲ့ဒီသေဆုံးသွားတဲ့ သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေရဲ့ မိသားစုတွေက ကျနော်တို့ကို ဖုန်းဆက်တယ်။ လမ်းမှာ အခြေအနေမကောင်းဘူးလေ။ တစ်လျှောက် စစ်ဆေးမှုတွေလုပ်တယ်။ ကျနော်တို့က လူ့အသက်ကို ကယ်တင်ဖို့ဆိုတဲ့ အသိစိတ်နဲ့ သွားရတာပေါ့။ ရုပ်အလောင်းနဲ့ ဒဏ်ရာရတဲ့ သူတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်လိုက်တယ်”ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာသို့ လက်နက်ကြီးကျရောက်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်၊ စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဘူသီးတောင်မြို့နယ်၊ ဂူတာပြင်အနီးနားတွင် စိမ်းညှင်းပြား၊ သပိတ်တောင်၊ အတွင်းငှက်သေ၊ ဖိုးခေါင်ချောင်း၊ အလယ်ချောင်း၊ ဦးလှဖေ၊ သရက်တောင်နှင့် တစ်ခြားကျေးရွာများကျရောက်မှုရှိခဲ့နေပြီး အဆိုပါကျေးရွာများမှ စက်တင်ဘာလအတွင်းမှစ၍ လက်နက်ကျည်ထိမှန်မှုကြောင့် ထိခိုက်သူ၊ သေဆုံးသူများရှိခဲ့သည်။

ထိုအထဲတွင် ပြီးခဲ့သည့် အောက်တိုဘာ လအတွင်းက ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်မှ သေဆုံးသူ ကျောင်းဆရာ ၁ ဦး၊ ဖိုးခေါင်ချောင်းနှင့် ငှက်ချောင်းမှ ဒဏ်ရာရသူ ၄ ဦး၊ သပိတ်တောင်မှ ဒဏ်ရာရ ၂ ဦး၊ အတွင်းငှက်သေမှ သေဆုံးသူ ကလေးငယ် ၁ ဦး တို့ဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ ၁ရက်အတွင်း ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ ဇက်ရေယာဉ် ၂စီး မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်မှုကြောင့် ၄ တန်းကျောင်းသား ကလေးငယ် ၁ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

(Western News- WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article