26 C
Yangon

စတော့ရှယ်ယာနှင့် ငွေကြေးTrading ကုမ္ပဏီအမည်ခံ Capital FX Myanmar က လူပေါင်း သုံးသောင်းကျော်ထံမှ ငွေကျပ်ဘီလီယံပေါင်းများစွာ ရှယ်ယာထည့် ခိုင်းပြီး လိမ်လည်တိမ်းရှောင်၊ ရှယ်ယာရှင်များကိုပါ Capital FX Myanmar က ပြန်ခြိမ်းခြောက်

Must read

By ရန်ကုန်ခေတ်သစ်

နိုင်ငံတကာစတော့ရှယ်ယာနှင့် Trading အမည်ခံထားသော Capital FX Myanmar ကုမ္ပဏီက လူပေါင်း သုံးသောင်း ကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ ရှယ်ယာထည့်ဝင်ခိုင်ပြီး အတိုးနှင့်အရင်းပါ မပေးတော့ဘဲ လိမ်လည်တိမ်း ရှောင်နေကြောင်း ငွေလိမ်လည်ခံရသူ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

Capital FX Myanmar အမည်နှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ဈေးကွက်ရောင်းဝယ်မှု လုပ်ငန်း လုပ် ကိုင်သည်ဟုဆိုကာ ပြည်သူများထံမှ အနည်းဆုံး ၃ သိန်းမှ သိန်းထောင်ချီ ရှယ်ယာများ ရောင်းချကြောင်း၊ရှယ်ယာငွေ တစ်လ ထည့်ထားလျှင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လ ရှယ်ယာငွေထည့်ထားလျှင် အတိုးအမြတ်ငွေ ၁၂ ရာခိုင်နှုန်း၊ ၆ လရှယ်ယာ​ငွေ ထည့်ထား လျှင် အတိုးအမြတ်​ငွေ ၁၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲတောင်ပြီး ၂ နှစ်အတွင်း ပြည်သူ ၃ သောင်းကျော်ထံမှ ငွေကျပ် ဘီလီယံချီများစွာ လိမ် လည်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Capital FX Myanmar အစ

Capital FX Myanmar ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီအဖြစ် တည်ထောင်ကြောင်း သိရှိရသည်။ သူသည် လူမှုကွန်ရက်တွင် https://www.facebook.com/capitalfxmyanmar ဖြင့် စာမျက်နှာဖွင့်လှစ်ပြီး စတော့ရှယ်ယာနှင့် နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်ဟု ကြေညာသည်။

ကုမ္ပဏီသည်စတင်ချိန်ကတည်းက ဘာလုပ်ငန်းမှ မယ်မယ်ရရမရှိဘဲ ငွေကြေးလိမ်လည်ရန်အတွက် စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ရုံးခန်းကို လှိုင်မြို့နယ်၊ ပါရမီကွန်ဒိုတွင် ဖွင့်လှစ်ခဲ့သည်။

ကုမ္ပဏီစတင်လည်ပတ်ချိန်တွင် ဝန်ထမ်းများ ခန့်ထားပြီး ပြည်သူများထံမှ ရှယ်ယာ​ငွေများ ထည့်ဝင်နိုင်ကြောင်း ကြော် ငြာသည်။

အနည်းဆုံး ၃ သိန်းမှ သိန်းထောင်ချီ ရှယ်ယာများ ရောင်းချပြီး ရှယ်ယာငွေ တစ်လ ထည့်ထားလျှင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လ ရှယ်ယာငွေထည့်ထားလျှင် အတိုးအမြတ်ငွေ ၁၂ ရာခိုင်နှုန်း၊ ၆ လရှယ်ယာငွေထည့်ထား လျှင် အတိုးအမြတ်​ငွေ ၁၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲ​ဆောင်ပြီး ၂ နှစ်အတွင်း ပြည်သူ ၃ သောင်းကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦး

ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်ထားသည့် Capital FX Myanmar ကို ဘရန်အောင်(ခ) အောင်အောင်ဦးက ဦးဆောင်သည်။ ဘရန်အောင်၏ မှတ်ပုံတင်နံပါတ်သည် လားရှိုးအမည်ပေါက် မှတ်ပုံတင်ဖြစ်သည်။

ငွေလိမ်လည်သည့် ထိုကုမ္ပဏီတွင် ထူးမြတ်အောင်(ခ) ထူးအောင်၊ မြတ်စုစံ ၊ အောင်ဖြိုး၊ ဆက်ရိန်းအောင် စသည့် ဦးဆောင်သူများက KBZ ဘဏ်များတွင် ဘဏ်အကောင့်များ ဖွင့်လှစ်ကာ ရှယ်ယာရှင်များ၏ ငွေကြေးများကို လက်ခံကြသည်။

“ကျနော်တို့ကလည်း ဘဏ်တွေက မတည်မငြိမ်ဖြစ်တယ်။ နိုင်ငံရေးကမကောင်းတော့။ ကိုယ်ရှိတာလေးတွေ ဘဏ်မှာ ရာခိုင်နှုန်းပေးထုတ်ကြတယ်။ အဲဒါ ဘာလုပ်ရမှန်းမသိတော့ အဲဒီအတိုးပေးတဲ့ ကုမ္ပဏီမှာ အပ်မလားဆိုပြီး လာဆွယ်တယ်။ တစ်လ ထားရင် အတိုးက ၁၀ ရာခိုင်နှုန်းဆိုတော့ ဘဏ် တိုးထက်သာတယ်ဆိုပြီး ထည့်လိုက်တာ။ ကျနော်ချည်းပဲ သိန်း ၇၀၀ ၊ သူငယ်ချင်းတစ်ဦးက သိန်း ၃၅၀ ၊ ကျနော့်ဦးလေးက သိန်း ၉၀၀ ၊ ကျနော့်အကိုက သိန်း ၃၀၀၊ ကျနော့်ပတ်ဝန်းကျင်ကလူတွေချည်းပဲ သိန်း ၇၀၀၀ လောက်ရှိတယ်။ ပထမစထည့်ချိန်တုန်းကတော့ အတိုးလေးတွေ မှန်နေတာပဲ။ ၆ လလောက်ကြာတော့ အတိုးရော အရင်းရော မရတော့တာပဲ” ဟု ငွေကြေး လိမ်လည်ခံရ သူတစ်ဦးက ပြောသည်။

ရုံးခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း

Capital FX Myanmar သည် လုပ်ငန်းစတင်ချိန်က လှိုင်မြို့နယ်၊ ပါရမီကွန်ဒိုတွင် ရုံးစတင် စဖွင့်လှစ်ခဲ့ပြီး ကြည့်မြင်တိုင်၊ မြေနီကုန်း၊မရမ်းကုန်း၊ စစ်တွေ၊ မန္တလေး စသည့် နေရာများတွင် ရုံးခန်းပေါင်း များစွာ ဖွင့်လှစ် လိမ်လည်နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရုံးခန်းများ ပိတ်ကာ ဝန်ထမ်းများလည်း ဆက်သွယ်၍ မရဖြစ်နေကြောင်း လိမ်လည်ခံရသူများထံမှ သိရှိရသည်။

“သူတို့ကို တိုက်ခိုက်ရင် ရိုင်းစိုင်းရင် ငွေပြန်မပေးဘူး။ အတိုးလည်းမပေးဘူး။ အရင်းလည်းမပေးဘူး ဆိုတာမျိုးတွေ ခြိမ်းခြောက်တယ်။ ဘရန်အောင်ဆိုတဲ့ ကောင်က သူက မူဆယ်မှာ ကိုယ်ပိုင်တပ်ရှိတယ်ဆိုပြီး ကြွေးကြော်နေတယ်။ သူ သေနတ်ပစ်လေ့ ကျင့်နေပြီပေါ့။ အဲဒီလိုမျိုးတွေလည်းပြောတယ်” ဟု ငွေကြေး လိမ်လည်ခံရသူက ပြောသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ Capital FX Myanmar မှ အတိုးမရတော့ဘဲ အရင်းလည်းတောင်းမရတော့ကြောင်း၊ ရုံးခန်းများအားလုံးလည်းပိတ်ထားပြီး အွန်လိုင်းပေါ်မှသာ ဆက်သွယ်နိုင်တော့ကြောင်း၊ လက်ရှိ ထည့်ဝင်ထားသော ရှယ်ယာအရင်းကိုပင် အရစ်ကျဖြင့် ပေးမည်ဟု ကြေညာသော်လည်း မည်သူမှ မရကြကြောင်း၊ ရက်ချိန်း အကြိမ်ကြိမ် ရွှေ့၍ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပေးမည်ဟု ကြေညာထားသော်လည်း လိမ်လည်သွားသည်မှာ သိသာနေကြောင်း ငွေလိမ်ခံရသူများဆိုကြသည်။

“လှိုင်ပါရမီ ကွန်ဒိုရုံးသွားတော့လည်း လူမရှိဘူး။ လူမှုကွန်ရက်ကနေ ဆက်သွယ်တော့လည်း Reply မပြန်ဘူး။ လိမ်သွားပြီဗျ။ Joom တို့ Koala တို့လို လိမ်လည်သွားတာ” ဟု ငွေကြေးအလိမ်ခံရသူက ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ရုံးခွဲဖွင့်ကာ အကျိုးအမြတ်ပေးသည်ဟုဆိုကာ လိမ်လည်သဖြင့် ကျေးရွာများ အလိုက် ငွေကြေးထည့်ဝင်ကြပြီး ရခိုင်ပြည်သူများလည်း ဆုံးရှုံးမှုများပြားကြောင်း သိရှိရသည်။

“ရခိုင်မှာလည်း နွားရောင်း အိမ်ရောင်း လယ်ရောင်းပြီး ရှယ်ယာထည့်ကြတာ။ သူတို့က ရခိုင်အထိ သွားလိမ်တာ”ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။

Emperor KTV များ ထူထောင်ခြင်း

နိုင်ငံတကာငွေကြေးစျေးကွက်နှင့်ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်သည်ဆိုသော Capital FX Myanmar က မူဆယ်တွင် Emperor KTV နှင့် မာဆက် ကို ထူထောင်ထားပြီး လားရှိုးမြို့ ၊ ၇ ရပ် ကွက်တွင် Emperor II အမည်ဖြင့် KTV စီမံကိန်းကြီးကို ဆောက်လုပ်လျက်ရှိကြောင်း ကြော်ငြာ သည်။ KTV အတွက် သိန်းပေါင်း ၃ သောင်းကျော် သုံး၍ တည်ဆောက်နေသည်ဟုလည်း ကြော်ငြာပြီး အစုရှယ်ယာများကို ယင်းအထဲတွင် သုံးစွဲနေသည်ဟု Capital FX Myanmar ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

ရှေ့မှ ရှယ်ယာငွေများအတွက် အရင်းပင်ပြန် မပေးသည့်အပြင် နောက်ထပ် ထပ်၍ ၃ လနှင့် ၆ လ ရှယ်ယာငွေသစ်များ ထပ်မံ ထည်သွင်းနိုင်ကြောင်း ကြေညာထားသည်ကို မြင်တွေ့ရသည်။

နိုင်ငံရေးမကောင်းချိန် ပြည်သူကို အမြတ်ထုတ်ခြင်း

အကြမ်းဖက်မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် ဘဏ်နှင့်ငွေကြေးစနစ် မတည်မငြိမ်ဖြစ်နေချိန်တွင် ငွေကြေးလိမ်လည်ကုမ္ပဏီများက လူမှုကွန်ရက်ကို အသုံးချ၍ ပြည်သူများထံမှ ငွေကြေး ငွေကျပ် ဘီလီယံချီကို လိမ်လည်ကြခြင်းဖြစ်သည်။ Joom ၊ Koala ၊ Capital FX Myanmar တို့၏ လိမ် လည်ပုံများ တစ်ထပ်တည်းပင်ဖြစ်သည်။

ငွေကြေးများ လိမ်လည်သွားသည့် Capital FX Myanmar က ရှယ်ယာရှင်များကို ငွေကြေးထည့်ခိုင်းသည့် ဘဏ်အကောင့်များမှာ –

Sut Rain Aung (KBZ Special – 41051141000483601 ) ၊
Aike Kat (KBZ Special – 41051141000483701) ၊
Aike Kat (Yoma Special – 9503190006359832) ၊
Sut Rain Aung (Yoma Special – 9503190005899820) ၊
Sut Rain Aung (AYA Special – 40028009007) ၊
Aike Kat (AYA Special – 40028009201) ၊
Sut Rain Aung (KBZ ရိုးရိုး – 41030141000483601) ၊
U Bran Aung (KBZ ရိုးရိုး – 23730100802912701) ၊
Sut Rain Aung (41051141000483601) ၊
U Brang Aung (Yoma ရိုးရိုး – 000910160009976) ၊
Su Rain Aung (Yoma Special – 000711140000084)၊
U Brang Aung (AYA ရိုးရိုး – 20022545103) ၊
Sut Rain Aung (AYA Speacil – 40028009007)
Myat Su San- Kpay- 09792507443
Bran Aung -Kpay-09442817438
Aung Phyo- Kpay-09950623549 Kpay
စသည့် အကောင့်များသုံးကာ ငွေလက်ခံ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း လိမ် လည် ခံရသူများ ထံမှ သိရှိရသည်။

တရားစွဲရန် ပြင်ဆင်နေကြ

ရှယ်ယာရှင်များထည့်ဝင်သည့် ငွေကြေးများကို လက်ခံရာတွင် စာချုပ်စာတမ်းဖြင့်ပင်မဟုတ်ဘဲ A4 စာရွက်အလွတ်ပေါ်တွင် ကုမ္ပဏီတံဆိပ်တပ်၍ စာချုပ်ချုပ်ဆိုပေးခြင်းဖြစ်ရာ တရားစွဲရန်အတွက် သက်သေအထောက်အထားများစွာ ပြင်ဆင်နေရသည်ဟု ငွေကြေးအလိမ်ခံရသူများက ဆိုကြသည်။

“၈လပိုင်းမှာ ပြဿနာက စတာ။ အကျိုးအမြတ်ပေးတာ နားတယ်လုပ်တယ်။ ၁၀ လပိုင်းထဲမှာ အတိုးတချို့ ပြန်ပေးတယ်။ ရသူရတယ်။ မရသူက မရဘူး။ အဲဒီကနေ တစ်လတောင်မ ပြည့်ဘူး ရပ်ပစ်လိုက်တယ်။ နောက်တစ်ခါ အရင်းတွေကို အရစ်ကျနဲ့ ပြန်ပေးမယ်လုပ်တယ်။ အခု အရင်းရော အတိုးရော ဘာမှ မပေးတော့ဘဲ ဖေ့ဘုတ်စ်နဲ့ တယ်လီဂရမ်ကနေ ခြိမ်းလားခြောက်လားတွေ လုပ်လာတယ်။ တချို့ ကလည်းရသလောက်ယူမယ် သတင်းမထုတ်နဲ့ဆိုပြီး ပြောကြတယ်။ သူတို့ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိစောင့်ပါဆိုပြီး ထပ်ပြောတယ်။ လိမ်တာကို ကျနော်တို့က အချိန်ပေးပြီး မစောင့်နိုင်ဘူး။ သူတို့ လိမ်သွားပြီဆိုတာ သိနေတာပဲလေ” ဟု ငွေကြေးအလိမ်ခံရသူတစ်ဦးက ဆိုသည်။

တရားစွဲရန် ပြင်ဆင်သူများက ၎င်းတို့၏ နောက် ကြောင်း ရာဇဝင်များကို စုံစမ်းလျက်ရှိပြီး ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

ပြည်သူများစွာ ဒုက္ခရောက်နေကြ

ငွေကြေးရှယ်ယာထည့်ဝင်ကြသူများတွင် အိမ်ရောင်း၊ လယ်ရောင်း၊ ကားရောင်းထည့်ဝင်သူများ ပါဝင်ကြပြီး တချို့မှာ ပင်စင်စရိတ်များကိုပင် ထည့်ဝင်ကြသူများရှိသည်ဟု သိရှိရသည်။

“ကျနော်က လေဖြတ်ထားတာ ကျန်းမာရေးစရိတ်လေး လစဉ်ရရင်တော်ပါပြီဆိုပြီး ၁၅၅ သိန်းထည့်လိုက်တာ။ ဘ၀ပါ ပျက်တာပဲ”ဟု ငွေကြေးအလိမ်ခံရသူတစ်ဦးက ဆိုသည်။

ယခင် သန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၃၊ ၂၀၀၄ ခုနှစ်ကလည်း သစ္စာပန်းခင်း၊ ပင်လုံထိပ်ထား၊ ဧရာမြေ၊မဟာဓနံ၊ လင်းသစ္စာ၊ ကျုံယွမ် ဆိုသည့် အထွေ ထွေအကျိုး ဆောင်လုပ်ငန်းများ ပေါ်ပေါက်ခဲ့ကာ ငွေကြေးများကို အတိုး ပေးပြီး ပြည်သူများထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ် လည်မှုများဖြစ်ပေါ်ခဲ့ဖူးသည်။

“နိုင်ငံမှာ ဥပဒေမစိုးမိုးတော့တဲ့အခါမှာ ဒီလို လိမ် လည်သူတွေ လက်ရဲ ဇက်ရဲဖြစ်လာတာပဲ” ဟု ရန်ကုန်ခေတ်သစ်တွင် ငွေကြေးနှင့်ကုန်သွယ်ရေးပေါ်လစီများရေးသားသူက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက Capital FX Myanmar ၏ ရုံးခန်းသို့ သွား ရောက်၍ မေးမြန်းရန် ကြိုးစားခြင်းနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်ခြင်း လုပ်ဆောင်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article