27 C
Yangon

Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦး စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့များနှင့်ဆက်စပ်နေ

Must read

လှိုင်မြို့နယ်၊ ပါရမီကွန်ဒိုရှိ Capital FX Myanmar ရုံးခန်းငှားရမ်း ထားမှု အိမ် ရှင်က အခန်းပြန်သိမ်း

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းတွင် ပြည်သူများထံမှ ငွေကျပ်ဘီလီယံပေါင်းများစွာ လိမ်လည်သည့် Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦးသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့်ဆက်စပ်နေကြောင်း လားရှိုး နှင့်မူဆယ် ဒေသခံများထံမှ သိရှိရသည်။

Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦးသည် မူဆယ်တွင် Emperor KTV နှင့် ဘား ထောင်ထားပြီး လားရှိုးမြို့နယ် ၇ ရပ်ကွက်တွင်လည်း 5D KTV Emperor II ကို တည်ဆောက်နေကြောင်း၊ ဘရန်အောင်(ခ) အောင်အောင်ဦး အပါအဝင် အပေါင်းအပါများအားလုံးသည် လားရှိုးမြို့ ၇ ရပ်ကွက်၊ နယ်မြေ ၄ ၊ အမက ၂ ကျောင်းလမ်းကြားရှိ ဦးပြာလောင်နှင့်ဒေါ်အမုန်းတို့၏ RC ၂ ထပ်တိုက်ကို ငှားရမ်းနေထိုင်ကြကြောင်း ၊ ဘရန်အောင် (ခ) အောင်အောင်ဦး အပါအဝင် အပေါင်းအပါများက အိမ်ရှေ့တွင် လက် နက်ကိုင် ပြည်သူ့စစ်များကို လုံခြုံရေးချထားလေ့ရှိပြီး နေထိုင်ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ယင်းအိမ်မှ ပြောင်းရွှေ့မှုများ မြင်တွေ့ရကြောင်း လားရှိုးဒေသခံများထံမှ သိရှိရသည်။

“ဘရန်အောင်(ခ)အောင်အောင်ဦးက ပြည်သူ့စစ်တွေနဲ့ တစ်ဖွဲ့တည်း။ လားရှိုး ရပ်ကွက် ၇ ၊ နယ်မြေ ၄ ၊ အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းလမ်းကြားမှာရှိတဲ့ ဦးပြာလောင်နဲ့ ဒေါ်အမုန်းတို့ရဲ့RC ၂ထပ်တိုက်ကို ငှားနေကြတ ယ်။ သူတို့ နဲ့အတူ ပြည်သူ့စစ်အဖွဲ့တွေက တစ်ဖွဲ့တည်းတွေ.။ အိမ်ရှေ့မှာလည်း သေနတ်နဲ့ ထိုင်စောင့်နေတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ။ အခု မနက်က ခေတ် သစ်မှာပါတဲ့ ဓာတ်ပုံတွေထဲက လူတွေ တချို့တစ်ဝက် အဲဒီအိမ်မှာကျန်နေသေးတယ်။ သတင်းတက်လာတော့ အဲဒီအိမ်မှာ‌ ရွှေ့ကြပြောင်းကြတယ်။ တချို့တွေတော့ ကျန်နိုင်သေးတယ်။ ဒီနေ့သတင်းကြောင့် အဲ့အိမ် ပြာယာခတ်နေတာ။ ပြေးကြပြီထင်တယ်။အရင်ရက်က အဲဒီအိမ်မှာရှိတယ်။ အခုတော့ ပြေးပြီထင်တယ်။ မမြင်တော့ဘူး ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။

လားရှိုးမှ အခြားဒေသခံတစ်ဦးကလည်း ဘရန်အောင်(ခ)အောင်အောင်ဦးသည် ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ကို ငွေကြေးပေးငှားရမ်းကာ လုံခြုံရေးအပြည့်ဖြင့် သွားလာသည်ဟု ဆိုသည်။

မူဆယ်မြို့ဒေသခံတချို့ကလည်း မူဆယ်မြို့ရှိ ဘရန်အောင်(ခ)အောင်အောင်ဦး ဖွင့်လှစ်ထားသော Emperor KTV ကို ပြည်သူ့စစ်အဖွဲ့များ စောင့်ကြပ်ကြောင်း၊ ဘရန်အောင်(ခ) အောင်အောင်ဦးက ပြည်သူ့စစ်အဖွဲ့ဝင် ဟုတ်၊ မဟုတ် မသိရှိကြောင်း၊ ပြည်သူ့စစ်အဖွဲ့များကို ငွေပေးငှားရမ်းပြီး စောင့်ခိုင်းခြင်းလည်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

“မူဆယ်မှာက KTV မာဆပ်၊ ဘားတွေ၊ လောင်းကစားရုံတွေ အကုန်လုံး စစ် တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကို ငွေပေးပြီး ဖွင့်ရတာပဲ။ Emperor KTV လည်းထိုနည်းအတူပါပဲ။ ပြည်သူ့စစ်တွေဆီ အခွန်ဆောင်ရမှာပဲ။ ပတ် သက် ဆက်နွယ်နေတာပေါ့။ KTV ဆိုပေမယ့် အရက် လောင်းကစား ပြည့် တန်ဆာ မူးယစ်ဆေးဝါး အကုန်ရတယ်” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်က ယနေ့တွင် Capital FX Myanmar သတင်းဖော်ပြပြီးနောက် လှိုင်မြို့နယ်၊ ပါရမီကွန်ဒိုတွင် ဖွင့်လှစ်ထားသော Capital FX Myanmar ရုံးခန်းသည် ငှားရမ်းထားခြင်းသာဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ ကိစ္စရပ်များသည် အိမ်ရှင်နှင့်မသက်ဆိုင်ကြောင်း၊ အိမ်ရှင်-အိမ်ငှားစာချုပ်တွင် ဥပဒေနှင့်မလွတ်ကင်းသော အလုပ်များ၊ ပြစ်မှု ရာဇဝတ် မှု များ လုပ်ဆောင်လျှင် အခန်းပြန်သိမ်းမည်ဟု တရားဝင် ထည့်သွင်းချုပ်ဆိုထားသဖြင့် ယနေ့တွင် ရပ်ကွက်ရုံး၊ ရဲစခန်းတို့ထံ တရားဝင် အကြောင်းကြားပြီး အငှားစာချုပ်ရပ်စဲကာ အခန်းပြန်သိမ်းပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အိမ်ရှင်ဖြစ်သူက ပြောဆိုသည်။

“၂၀၂၂ ခုနှစ် ၄ လပိုင်းက အခန်းကို စငှားထားတာပါ။ အိမ်ရှင်-အိမ်ငှားစာချုပ်ထဲမှာ တရားဥပဒေနဲ့မလွတ်ကင်းတာ၊ ပြစ်မှုနဲ့ ရာဇဝတ်မှုတွေ ပတ်သက်ရင်တော့ အခန်း အငှားစာချုပ်တွေ ရပ်စဲမယ်လို့ ထည့်သွင်းချုပ်ဆိုထားပါတယ်။ အဲဒီအချက်အရပဲ အငှားစာချုပ်ရပ်စဲမှာပါ။ အခု သက်ဆိုင်ရာတွေကို အကြောင်းကြားထားပါတယ်။ အဲဒါလေးကို ရှင်းပြချင်တာပါ။ သူတို့ကအခန်းကိုနှစ် ချုပ်နဲ့ငှားထားတာပါ။ အခုလည်း အခန်းသော့ခတ်တော့မှာပါ။ သက်ဆိုင်ရာတွေကိုလည်း အကြောင်းကြားပါပြီ” ဟု အိမ်ရှင်ဖြစ်သူက ဆိုသည်။

နိုင်ငံတကာစတော့ရှယ်ယာနှင့် Trading အမည်ခံထားသော Capital FX Myanmar ကုမ္ပဏီက လူပေါင်း သုံးသောင်း ကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ ရှယ်ယာထည့်ဝင်ခိုင်ပြီး အတိုးနှင့်အရင်းပါ မပေးတော့ဘဲ လိမ်လည်တိမ်း ရှောင်နေကြောင်း ငွေလိမ်လည်ခံရသူ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

Capital FX Myanmar အမည်နှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ဈေးကွက်ရောင်းဝယ်မှု လုပ်ငန်း လုပ် ကိုင်သည်ဟုဆိုကာ ပြည်သူများထံမှ အနည်းဆုံး ၃ သိန်းမှ သိန်းထောင်ချီ ရှယ်ယာများ ရောင်းချကြောင်း၊ရှယ်ယာငွေ တစ်လ ထည့်ထားလျှင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လ ရှယ်ယာငွေထည့်ထားလျှင် အတိုးအမြတ်ငွေ ၁၂ ရာခိုင်နှုန်း၊ ၆ လရှယ်ယာ​ငွေ ထည့်ထား လျှင် အတိုးအမြတ်​ငွေ ၁၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲတောင်ပြီး ၂ နှစ်အတွင်း ပြည်သူ ၃ သောင်းကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ် လည်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်ထားသည့် Capital FX Myanmar ကို ဘရန်အောင်(ခ) အောင်အောင်ဦးက ဦးဆောင်သည်။ ဘရန်အောင်၏ မှတ်ပုံတင်နံပါတ်သည် လားရှိုးအမည်ပေါက် မှတ်ပုံတင်ဖြစ်သည်။

ငွေလိမ်လည်သည့် ထိုကုမ္ပဏီတွင် ထူးမြတ်အောင်(ခ) ထူးအောင်၊ မြတ်စုစံ ၊ အောင်ဖြိုး၊ ဆက်ရိန်းအောင် စသည့် ဦးဆောင်သူများက KBZ ဘဏ်များတွင် ဘဏ်အကောင့်များ ဖွင့်လှစ်ကာ ရှယ်ယာရှင်များ၏ ငွေကြေးများကို လက်ခံကြသည်။

ငွေလိမ်လည်မှု ပထမ သတင်း- https://www.facebook.com/khitthitnews/posts/pfbid028J1oW865dPQe6D599RTRtEFbYkirsDqnsb9G6Z82DcfETukWiu2jXDsojpEmC1vFl

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article