25 C
Yangon

စစ်တွေတွင် ပျောက်ဆုံးနေသည့် တက္ကသိုလ်ကျောင်းသားမောင်မျိုးထက်ကို လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် အလောင်းသာပြန်တွေ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပျောက်ဆုံးနေသည့် တက္ကသိုလ်ကျောင်းသားမောင်မျိုးထက်ကို လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် အလောင်းသာပြန်တွေ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက် ည ၈နာရီခန့်က သူငယ်ချင်းများနှင့် အတူ ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းရှိ The Bay Bar & Restaurant သို့သွား၍ အပြန်တွင် မောင်မျိုးထက် မှာ ပျောက်ဆုံးခဲ့ပြီးနောက် ၎င်းကို ယနေ့ နိုဝင်ဘာ ၆ရက်နေ့ ပုဏ္ဏားကျွန်းတွင် လည်ပင်းလှီးထားသည့် ပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ မောင်မျိုးထက်မှာ စစ်တွေတက္ကသိုလ်မှ သမိုင်းမေဂျာအထူးပြု တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆွေမျိုးနေအိမ်တွင် နေ၍ ကျောင်းတက်ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။ မောင်မျိုးထက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြ ရွာသာယာကျေးရွာက ဦးဘိုသိန်းရွှေ၏ သားဖြစ်သည်။

မောင်မျိုးထက်၏ အလောင်းအား ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီခန့်က ပုဏ္ဏားကျွန်း မြို့နယ် အောင်မြေကုန်း ကျေးရွာ၏ သုဿာန်အနီးရှိ ချောင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဒေသခံများ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ် ကြောင်း အလောင်းအား သွားရောက် သယ်ဆောင်ခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ကိုကျောက်ချိုင်က ပြောသည်။

“ဒေသခံတွေက အလောင်းတစ်လောင်းတွေ့ရှိတယ်ဆိုပြီး အကြောင်းကြားပါတယ်။ ကျနော်တို့သွားယူ အချိန်မှာတော့ တော်တော်လေးကို အလောင်းက ပုပ်နံ့နံနေပြီ။ ပျောက်ဆုံးနေတာက ၄ရက်နေ့ကတည်းက ပျောက်ဆုံးနေတာလို့ပြောတယ်။ အဲ့နေ့ကတည်းက သူသေဆုံးနေပြီးလို့လည်း ကျနော်တို့ ယူဆပါတယ်။ အလောင်းကို ပို့ထားလိုက်ပါပြီ”ဟုပြောသည်။

မောင်မျိုးထက်မှာ နိုဝင်ဘာ ၄ ရက်နေ့ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းရှိ The Bay Bar & Restaurant ကို သူငယ်ချင်းဖြစ်သူများနှင့် သွား၍ အပြန်တွင် အိမ်ပြန်မရောက်ဘဲ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိပြီး မည်သူမည်ဝါက သတ်ဖြတ်သွားသည်ဆိုသည်ကို မသိရသေးပေ။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ကိုကျောက်ချိုင်က “အဲ့ဒီအလောင်းမှာ ထူးဆန်းတာတစ်ခုက ကျနော်တို့ The Bay Bar က CCTV မှတ်တမ်းကြည့်တဲ့အခါမှာ အခုကျွန်တော်မြုပ်လို့ အလောင်းတွေ့ရှိတဲ့ သူဝတ်ထားတဲ့ အဝတ် အစားနဲ့မတူဘူး။ ဆိုလိုတာက The Bay Bar မှာ မောင်မျိုးထက်မှာ ဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ အလောင်းတွေ့ရှိခဲ့တဲ့အခါ ဝတ်ထားတဲ့ အဝတ်အစားနဲ့ မတူတာပါ။ အိမ်ကို ပြန်ပြီးတော့ အဝတ်လဲခဲ့သလား။ ပြီးတော့ သူက အပြင်ကို ထွက်လာသလားဆိုတာကတော့ မသိဘူး”ဟုပြောသည်။

ရရှိခဲ့သည့် အလောင်းမှာ နောက်ကျောတွင် ထိုးသွင်း ဓားဒဏ်ရာ ၂ ချက်၊ လည် ပင်းလှီးထားသည် ပြတ်ရှဒဏ်ရာနှင့် ဓားခုတ်ဒဏ်ရာ ၁ ချက် တွေ့ထားပြီး မောင်မျိုးထက် ဟုတ်မဟုတ်ဆိုသည်ကို မိသားစုဝင်များအား ပြသ၍ အတည် ပြုချက် ရယူခဲ့ရကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ကိုကျောက်ချိုင်က ပြောသည်။

မောင်မျိုးထက်မှာ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အဆက်အသွယ်မရ၍ စစ်တွေမြို့ရှိ ၎င်းသွားရောက်ခဲ့သည့် The Bay Bar မှ CCTV ကို မိသားစုဝင်များ သွားရောက်ကြည့်ရာတွင် The Bay Bar ကို မောင်မျိုးထက်တို့ စဝင်သည့်အချိန်သည့် အောက်တိုဘာ ၄ရက်နေ့ ည ၇နာရီလောက်တွင်ဖြစ်ပြီး ၈ နာရီ ၂၄ မိနစ်တွင် Bar မှ ဆင်းလာခဲ့သည်ကို တွေ့ရှိရသည်။

CCTV တွင်‌ တွေ့ရှိချက်အရ မောင်မျိုးထက် တို့ အတူ ထိုင်နေသည့် ဝိုင်းတွင် မောင်မျိုးထက် အပါအဝင် အမျိုးသမီး ၂ဦး၊ အမျိုးသား ၃ဦး စုစုပေါင်း ၅ ဦးပါဝင်သည်ကို တွေ့ရကြောင်း ၎င်းထွက်လာသည့်အချိန်တွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်ပို့သည်ကို CCTV မှတ်တမ်းတွင်‌တွေ့ရှိရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“သူမသွားခင်နာရီပိုင်းအလို The Bay Bar ကိုသွားမယ်ဆိုပြီးတော့ ဖုန်းဆက်လာတယ်။ မနက်ပိုင်း ဖုန်းဆက်တော့ ဖုန်းဆက်မရတော့ဘူး။ မောင်မျိုးထက်နဲ့ အတူ ထိုင်ခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းလို့ ထင်တဲ့သူတွေကို ကျနော်တို့ ဆက်သွယ်နေတယ်။ လုံးဝဆက်သွယ်လို့ မရဘူး။ သူတို့ ဖက်ကလည်း ကျနော်တို့ကို အဆက်အသွယ်မလုပ်ဘူး။ CCTV မှာ မြင်တဲ့သူတွေကို ကျနော်တို့ မမှတ်မိဘူး” ဟုပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့နေ့လည် ၁ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ တဆင့် မြို့မသုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။

ဓာတ်ပုံ- စစ်တွေတက္ကသိုလ်မှ သမိုင်းမေဂျာအထူးပြု တတိယနှစ် ကျောင်းသား မောင်မျိုးထက်။

(Western News- WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article