27 C
Yangon

ထားဝယ်တွင် ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းထွေး ပစ်သတ်ခံရ၊ မန္တလေးတွင် ပျူစောထီး ၃ ဦး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခွန်လွတ်ဈေးအနီးရှိ လမ်းဆုံတွင် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူ မင်းထွး ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများနှင့် မျက်မြင်တွေ့သူအချို့ထံမှ သိရသည်။

ဒေသအခေါ် အခွန်လွတ်ဈေး ညောင်ပင်ကြီးလမ်းဆုံ၌ ကားပေါ်တွင်ပင် ပစ် ခတ် ခံရပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ် တော် သရက်ချောင်းမဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

“ဒဏ်ရာက ခေါင်းမှာရော၊ ရင်ဘတ်မှာရော၊ လက်မှာရော မနည်းဘူး။ ရဲတွေ လာစစ်ဆေးပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်” ဟု ‌မျက်မြင်တွေ့သည့် အမျိုးသားက ပြောသည်။

၎င်းသည် ထားဝယ်ဒေသတွင် မြေအရောင်းအဝယ် လုပ်နေသူတစ်ဦးဖြစ်ပြီး တရားမဝင်အကွက်ရိုက်ပြီး ရောင်းချနေသူတစ်ဦးဟုလည်း ဒေသခံများအကြား ပြောဆိုမှုများရှိသည်။

အလားတူ မန္တလေး၊ တောင်သာမြို့နယ်တွင် ပျူစောထီး လင်းမယား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လှည်းကူးမအုပ်စု ဂွေးမြောင်ကုန်းကျေးရွာ (ရတနာပုံ) ဇာတိ ပျူစောထီး ခေါင်းဆောင် စန်းဝင်းနှင့် မယားဖြစ်သူ ရုံးစည်လေး ကျေးရွာ ထ/ခွဲ ကျောင်းအုပ် ဆရာမ ကြင်စန်းတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး စန်းဝင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဥ်အတွင်း စန်းဝင်းသည် သေနတ်ကျည် ၄ ချက် ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ပြီး မယားဖြစ်သူ ကြင်စန်းသည် လက်မောင်းကို ကျည်ထိမှန်ကာ ဒူးထောက်ပြီး လက်အုပ်ချီ ငိုယို တောင်းပန်သောကြောင့် သနားမိခြင်း၊မိသားစုအား ငဲ့ညှာသောအားဖြင့် ထပ်မံ ပစ်ခတ်ခြင်း မပြုလုပ်ဘဲ လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF တောင်သာ (PDF TTA)နှင့်အတူ မလှိုင်တော်လှန်ရေး အင်အားစုတို့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ် တောက်တိုင်အဖြစ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း PDF TTA က ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေး၊ မတ္တရာမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ကံချွန်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရွှေဘိုးကြီးရွာတွင် နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ကံချွန်ကို ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ဖမ်းဆီးစဥ် ပွိုင့် ၂၂ လက်လုပ် သေနတ်ဖြင့် ၃ ချက်ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးစဥ် ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ထားဝယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသူ ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းထွေး။

(Dawei Watch သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article