27 C
Yangon

လမ်းမများပေါ်တွင် တန်ဆောင်တိုင်ည စားဝတ်နေရေးအတွက် ပံ့သကူ အလှူငွေ ရရှိရေး လိုက်လံကောက်ယူသူ အလွန်များပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် တန်ဆောင်တိုင်ည စားဝတ်နေရေးအတွက် ပံ့သကူ အလှူငွေ ရရှိရေး လိုက်လံ ကောက်ယူသူ အလွန်များပြားကြောင်း ပံ့သကူကောက်သူ မိသားစုတချို့နှင့်မြို့ခံ ပြည်သူများထံမှ သိရှိရသည်။

လှိုင်သာယာမြို့နယ်မှ မိသားစုတစ်စုက ယနေ့ ည ပံ့သကူ ကောက်ယူရန် စမ်းချောင်းနှင့် လှည်းတန်းဘက်သို့ ထွက်လာကြောင်း၊ မိသားစုတွင် ကလေး ၄ ဦးနှင့် လင်မယား ၂ ဦး စုစုပေါင်း ၆ ဦး နေရာခွဲ၍ ပံ့သကူ အလှူငွေ လိုက်လံ ကောက်ယူကြောင်း ပြောဆိုသည်။

“အာဏာမသိမ်းခင် နှစ်တွေက ပံ့သကူကောက်တာ ၅ သောင်း ၊ ၆ သောင်းလောက်အထိရတယ်။ မနှစ်က မကောက်ရဘူး။ ဒီနှစ်တော့ စားစရိတ် အရမ်းကြီးလို့ မစားရတာတွေလည်းများလို့ ဘာဖြစ်ဖြစ်ဆိုပြီး ထွက်ကောက်တာပါ။ ဘယ်လောက်ရမလဲမသိဘူး။ ကလေးတွေအဖေနဲ့ ကလေး ၂ ဦးက စမ်းချောင်း၊ မြေနီကုန်းဘက်မှာ ကောက်တယ်။ ကျမနဲ့ ကလေး ၂ ဦးက လှည်းတန်းစျေးနားမှာ ကောက်မယ်။ ၁၂ နာရီ မထိုးခင် ကာဖျူးအချိန်မတိုင်တော့ ပြန်မယ်”ဟု လှိုင်သာယာ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ကားလမ်းများပေါ်တွင် ပံ့သကူကောက်ယူရာတွင် တချို့ကားများကို လမ်းပိတ်၍ ငွေတောင်းခံယူမှု တချို့ရှိသဖြင့် ခိုက်ရန်ဖြစ်ပွားမှု တချို့ရှိကြောင်း သိရှိရသည်။

“ကားကိုပိတ်ပြီး ပိုက်ဆံပေးဆိုပြီးတောင်းတာ။ မပါတော့ဘူး။ ကုန်ပြီဆိုတာလည်း မရဘူး။ ကားမှန်နဲ့ ကားဘော်ဒီကို အတင်းရိုက်တာ။ ကားအရှေ့မှာလည်း အုပ်စုလိုက်ကြီး ပိတ်ထားတာ။ ကျနော်တို့လည်း လှူဖို့ ထွက်လာတာပါပဲ။ အဲဒီလိုကြီးကတော့ အဆင်မပြေဘူး” ဟု အလှူရှင်တစ်ဦးက ၎င်းကြုံတွေ့ရမှုကို ရှင်းလင်းပြောဆိုသည်။

ဧရာ၀တီတိုင်း၊ မအူပင်မြို့တွင်လည်း ယနေ့ ညပိုင်း ပံ့သကူ ထွက်ကောက်သူ အလွန်များပြားပြီး မန္တလေးတွင်လည်း ပံ့သကူ အလှူငွေ ကောက်ယူသူ အလွန်များပြားကြောင်း ၊ ပံ့သကူကောက်သူများတွင် အပျော်ကောက်သူထက် စားဝတ်နေရေးအတွက် ကောက်သူများပြားသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ပြည်သူတချို့ ဆက်သွယ်ပြောကြားချက်များအရ ယခုနှစ် ပံ့သကူအလှူတွင် ထူးခြားချက်များရှိပြီး အဆိုပါ ထူးခြားချက်များမှာ-

-ပံ့သကူလှူဒါန်းသူထက် ကောက်ယူသူက အလွန်များပြားပြီး လမ်းတိုင်း ပြည့်နှက်နေခြင်း။

-လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်အစရှိသည့် ဆင်ခြေဖုံးဒေသများမှ အခြေခံလူတန်းစားများက စမ်းချောင်း၊ လှည်းတန်း၊ မြေနီကုန်း၊ ကျောက်မြောင်းစသည့် ငွေကြေးတတ်နိုင်သူများနေထိုင်သည့်နေရာသို့ လာရောက် ပံ့သကူ ကောက်ကြခြင်း။

-တချို့နေရာများတွင် ကားများကို ကို တားဆီးပြီး အတင်းအကျပ်ပုံစံဖြင့် ပံ့သကူ ငွေတောင်းပြီး မပေးလျှင် လမ်းပိတ်ထားသည့်ဖြစ်ရပ်တချို့ရှိခြင်း။

-အပျော်ကောက်သူထက် စားဝတ်နေရေးအတွက် ပံ့သကူ ကောက်သူများ များပြားခြင်း။

-ယခု သတင်းရေးသားချိန် ည ၁၁ နာရီ ၅ မိနစ်အချိန်အထိ လမ်းများနှင့် လမ်း များတွင် ဓာတ်မီးများဖြင့် ပံ့သကူငွေ ရှာဖွေသည့် လူများပြားခြင်း။

-ပံ့သကူ အလှူငွေများတွင် ၁၀၀ တန်၊ ၂၀၀ တန်၊ ၅၀၀ တန်နှင့် ၁၀၀၀ တန်အများဆုံးတွေ့ရပြီး ၅၀၀၀ တန် နှင့် ၁ သောင်းတန်် ပံ့သကူအလှူငွေ အလွန်နည်းပါးခြင်း တို့ဖြစ်ကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယနေ့ည လမ်းပေါ်ထွက်၍ ပံ့သကူ အလှူငွေကောက်ကြသူများ။

Photo- AAMIJ , CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article