26 C
Yangon

မင်းကင်း၊ ဝက်လက်၊ ပုလောနှင့် ဘုတလင်ရှိ ရွာများကို ယနေ့ အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၉၅ လုံးပြာကျပြီး ပြည်သူ ၁ ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း မင်းကင်း၊ ဝက်လက်၊ ဘုတ်တလင် မြို့နယ်နှင့် တနင်္သာရီတိုင်း ပုလောမြို့နယ်တို့တွင် ယနေ့ အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၉၅ လုံး ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းကင်းတွင် ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၆ လုံးပြာကျပြီး ပြည်သူ ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု ၂၆ လုံးပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကုန်းမော်ရွာနှင့် ကျောက်မော်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၆ လုံးပြာကျခဲ့​ပြီး ကုန်းမော် ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် စိတ်ဝေဒနာ ခံစားနေရသည့် ဦးဌေးလင်းကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

” ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေနဲ့ ပျူစောထီးတွေက ဒီနေ့ ၈ ရက်နေ့မှာ ကုန်းမော်ရွာနဲ့ ကျောက်မော်ရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကုန်းမော်ရွာက စိတ်ဝေဒနာ ခံစားနေရတဲ့ ဦးဌေးလင်းကိုလည်း စစ်ခွေးတွေက ပစ်သတ်သွားတယ်။ ၂ ရွာပေါင်း နေအိမ် ၃၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်။ ပြည်သူပိုင် ပစ္စည်းတွေလည်း ခိုးယူသွားတယ်” ဟု People Defence Force Taung Dwin Region – Mingin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကျော်ရွာကျေးရွာတွင် ၁ နှစ်နီးပါ တပ်စွဲထားသော အကြမဖက် စစ်တပ် နှင့် ကျော်ရွာတွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် ၃၀ ကျော်ခန့်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကုန်းမော်ကျေးရွာ အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၂ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် စိတ်ဝေဒနာ ခံစားနေရသည့် ဦးဌေးလင်းကို အကြမ်းဖက် စစ်တပ်က ပစ်သတ်သွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်မော်ကျေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်‌​ ၁၄ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးပြီးနောက် ဒေသခံ ပြည်သူများ၏ ငွေကြေးများ၊ ပစ္စည်းများလည်း ခိုးယူ လုယက်သွားပြီး ဒေသခံ ပြည်သူများ မွေးမြူထားသည့် နွားနှင့် ဝက်များကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ညနေ ၃ နာရီခန့်တွင် ကျော်ရွာ ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားပြီး ရွာသူ/သား အများစုသည် လက်ရှိချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံးပြာကျ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၁ လုံးပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၇ နရီခန့်တွင် ရွာသစ်ကျေးရွာ၌ တပ်စွဲ နေထိုင်သည့် အကြမ်းဖက် စစ်တပ်က ပိတောက်ခြုံကျေးရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၁ လုံးပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပိတောက်ခြုံကျေးရွာကို မီးရှို့ ဖျက်ဆီးပြီးနောက် သံလမ်း အနောက်ဖက် စပါးတောရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထား‌ပြီး စပါယ်တောရွာမှ ခေါတောရွာသို့ စီးနင်းနေကြောင်း GZ Special Task Force – Wetlet အဖွဲ့ထံမှ သိရသည်။

ပုလော၊ တပိုရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးပြာကျ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တပိုရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃ လုံးပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မြိတ်ဘက်မှ ပုလောသို့ ဦးတည်လာသည့် စစ်ကား ၇ စီးကို ပုလောအရိပ် ပြောက်ကျားတပ်ဖွဲ့မှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် တပိုရွာတွင်ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ဘုတလင်၊ ရှမ်းတဲရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅ လုံးပြာကျ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရှမ်းတဲရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရှမ်းတဲရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ဆိုင်ကယ်များကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

” ဒီမနက် အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးလို့ ရှမ်းတဲရွာက နေအိမ် ၅ လုံးပြာကျ ရွာထဲက ဆိုင်ကယ်တွေလည်း ယူသွားတယ်။ အိမ်တွေကိုလည်း မွှေနှောက် ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article