24.9 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၄ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက် ၊ နမ့်ခမ်းတွင် ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်သည့်အပြင် နွားများကိုပါသတ်ပြီး အိမ်များကို ဖောက်ထွင်းလုယက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းနှင့် ဇီးကနား ရွာသား ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၆၃ တပ်က လျှော်ဖြူကုန်းရွာနှင့် ဇီးကနားရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၁၈ ဦးထဲမှ ဇီးကနားရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် လျှော်ဖြူကုန်းရွာသား ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည် လွတ်မြောက်လာသည့် လျှော်ဖြူကုန်း ရွာသား ၂ ဦးသည် အကြမ်းဖက် စစ်တပ် နှိပ်စက် ခံထားရသော ဒဏ်ရာများကြောင့် လက်ရှိချိန်တွင် နားမကြားရတော့ဘဲ ခန္ဓာကိုယ် နေရာ အနှံ့တွင်လည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဆက်လက် ဖမ်းဆီးထားသူ ပြည်သူ ၁၄ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းနှင့် နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်း တို့တွင် နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သူ ၁၄ ဦးမှာ ဦးစိုးဝင်း၊ ဦးကျော်မြင့်ထွန်း၊ ဦးစိုးစံ၊ ဦးမိုးဝင်းထွန်း၊ ဦးကျော်စိုး၊ ဦးဇော်ဇော်၊ ဦးမြင့်ဦး၊ ဦးဇော်မင်းစိုး၊ ဦးငချို၊ ဦးအောင်စိုး၊ ဦးညီညီ၊ ဦးဝင်းဝင်းသူ၊ ဦးမျိုးမျိုးအောင်၊ ဦးထွန်းဦးတို့ ဖြစ်ကြောင်း သိရသည်။

“လျှော်ဖြူကုန်း ကျေးရွာရယ်။ ဇီးကနား ကျေးရွာရယ်။ ၃ ရက်နေ့က သူတို့ကို ဖမ်းဆီး ခေါ်ဆောင်သွား တယ်ပေါ့။ စုစုပေါင်းအားဖြင့် ၁၈ ဦးပေါ့။ စစ်ဘေးရှောင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ပေါ့။ အဲနေ့ ညနေပိုင်းမှာပဲ ဇီးကနား ကျေးရွာက စစ်ဘေးရှောင် ၂ ဦးကို ပြန်လွတ်ပေးပြီး ၅ ရက်နေ့ ညနေမှာ လျှော်ဖြူကုန်း ကျေးရွာက သားအဖ ၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲနေ့မှာပဲ ဒေသခံတွေနဲ့ ချိတ်ဆက်ကြည့်တော့ ညနေပိုင်းမှာ မတရား ညှင်းပမ်း နှိပ်စက်ပြီးတော့မှ သတ်ဖြတ်တယ်။ အစုလိုက်အပြုံလိုက် အဲလိုသတ်ဖြတ်ပြီးတော့ စုပုံပြီးတော့ မီးရှို့တယ်ပေါ့။ နောက်တစ်ခါ ၆ ရက်နေ့ ညနေမှာလည်း နေပူထဲမှာ တစ်နေကုန်လှမ်းပြီးတော့ မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီးတော့ စုပြုံပြီးတော့မှ မီးရှို့တယ်။ အဲလို အနေအထားမျိုးတော့ ကြားသိရတယ်။ စကစ အထိုင်ချထားတဲ့ ကုန်းမှာ သတ်ဖြတ်တယ်။ ကိုးတောင်ဘို့ မြောက်ဘက် ပါဦးကုန်းမှာ တပ်စွဲပြီးတော့ အဲ့ဒီကုန်းရဲ့ အနောက်ဘက်မှာ သတ်တာများတယ်။ ​ခြေရာလက်ရာ ဖျောက်တဲ့သဘောပေါ့။ စုပုံမီးရှို့လိုက်တဲ့ အနေအထားဆိုတော့” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်ထိ ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာများကို ဆက်လက်ဝင်ရောက် စီးနင်းနေကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၁ သောင်းဝန်းကျင်ခန့်ရှိကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဇီးကနားကျေးရွာမှ ပြည်သူ ၄ ဦးထိမှန်ကာ ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ကျန်ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ရွာမှ ကျေးရွာသား ၂ ဦးဖြစ်ကြသည့် အယေ့ယေ အသက် ၄၃ နှစ်နှင့် အနာည်ယိုန်း အသက် ၄၆ နှစ်တို့ လယ်ထဲဆင်း၍ စိုက်ပျိုးရေးလုပ်နေစဉ် စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား ခဲ့ကြောင်း ၊ ၎င်းတို့ပိုင်ဆိုင်သော နွား ၂ ကောင်ကိုလည်း ပစ်သတ်ခဲ့ကြောင်း၊ ယင်းအပြင် စစ်တပ်က မန်စပ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅ လုံးခန့်ကို ဖောက်ထွင်းပြီးနောက် စားသောက်ကုန်များကို ခိုးယူသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ နမ့်ခမ်း မြို့နယ်၊ မန်စပ်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်များကို ဖောက်ထွင်းထားသည့် မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article