ရန်ကုန်၊ နိုင်ဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီ တပ် က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ကျေးရွာသား ၇ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ် ၇လုံးထက်မနည်း မီးရှို့ခဲ့ပြီးနောက် ကျေးရွာသား ၇ ဦး ထက်မနည်းသတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းများကို ကျေး ရွာ အတွင်းတွင် ပစ်ထားခဲ့ကြပြီး အခြားအလောင်းများလည်း ရှိနေသေးကြောင်း ကျေးရွာသားများက ပြောသည်။
သတ်ဖြတ်ခံရသူများမှာ ဆင်အင်းကြီးရွာမှာ-
၁-ဦးမောင်မောင်သိန်း၊
၂- ဦးမောင်ကျော်သိန်း၊
၃-ဦးစံ၊
၄-ဦးမောင်စံလှ၊
၅-ဦးခင်မောင်၊
၆-ဒေါ်မခင်သိန်း၏ အသက် ၈၀ ကျော် မိခင်
၇-အမည်မသိရသေး တို့ဖြစ်ကြသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲဝင်များသည် ဆင်အင်ကြီးကျေးရွာအတွင်း နေ အိမ် ၇ အိမ် မီးရှို့ခဲ့ရာတွင် မီးရှို့ခံရသော နေအိမ်များမှာ ဦးထွန်းတင်အိမ်၊ ခင်ဘုအိမ်၊ ငစိချေအိမ်၊ ဒေါ်မလှတင်အိမ်၊ လှိုင်မေနုအိမ်၊ သန်းအေးခင်အိမ်၊ မောင်ထွန်း ကြိုင်နေအိမ်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။
“အလောင်း ၇ လောင်းတွေ့ရှိထားတယ်။ နေအိမ် ၇လုံးကို မီးရှို့လိုက်တယ်။ ဒီထက် စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်တာ များဦးမယ်။ မနေ့ ညနေပိုင်း က စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ကြတာ။ လောလောဆယ်ဒီလောက်ပဲပြောလို့ ရနိုင်မယ်” ဟုပြောသည်။
စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းနေအိမ်များကို မီးရှို့ရာတွင် ကျေး ရွာသားများက အနီးနားကျေးရွာများသို့လည်း ရှောင်တိမ်း၍ မရတော့သည့်အခြေ နေဖြစ်နေပြီး ရွာဘုန်းကြီးကျောင်းထဲတွင်သာ ကျေးရွာသားတစ်ချို့ စုပေါင်း၍ နေကြရသည်ဟု ရွာသားများကဆိုသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းခန့်က စစ်ကောင်စီ၏ ရိက္ခာပို့သည့်ကား ၂ စီးကို ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးရွာကြားတွင် ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ် တပ် ရင်း တို့က အနီးနားကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဥ် များဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် အိုင်ဒင်ကျေးရွာမှ ဒေသခံ ၂ ဦးဒဏ်ရာရပြီး အသက် ၁၅ နှစ်အရွယ် မောင်စိုးဦးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရှိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)