ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာနှင့် ရွာထောင်ရွာကို စစ် တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ရွာအနီးအနားတွင် စစ်အင်အားအများအပြား ချထားသဖြင့် ပြည်သူ ထောင်ချီထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ နံနက် ၁၀ နာရီအထိ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး အနီးအနားကျေးရွာများတွင် စစ်သားများချထားပေးကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက်ကျေးရွာများကို ပစ်ခတ် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်တယ်။ ရေဦးမြို့နယ် မီးမောင်းကုန်းရွာနဲ့ရွာထောင်ရွာကိုစစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်တာ။ စည်သာမြေရွာမှာ စစ်တပ်က စစ်သားတွေကို ရဟတ်ယာဉ်နဲ့ ချပေးတယ်။ ခုဆို မီးမောင်းကုန်း ရွာနဲ့ ရွာထောင်ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်တပ်က ရဟတ်ယာဉ် ၃စီးနဲ့ နံနက် ၈ ခွဲကနေ နံနက် ၉ခွဲလောက်အထိ အဆက်မပြတ် ပစ်တာပါ” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က စည်သာမြေကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာကို မီးတင်ရှို့နေကြောင်း၊ ခြေလျင်တပ်များသည် စည်သာမြေရွာနှင့်ရွာပုလဲရွာအကြား သို့ စစ်ကြောင်း ထိုးလာနေကြောင်း သိရှိရသည်။
