25 C
Yangon

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၁ရက် နံနက်အချိန်က စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ဒီပါရုံကျေးရွာသား ၂ ဦး သေဆုံးသွားကြောင်း ကျေးရွာဒေသခံများက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ ဦးအေးစောသိန်း အသက် ၃၉ နှစ်နှင့် ဦးကျားချေ အသက် ၆၄ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားမြို့ပေါ်တွင် ရှိသည့် စစ်ကောင်စီ၏ ၅၅၀ တပ်ရင်းက ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့ရာ ၎င်းလက် နက်ကြီးသည် ဒီပါရုံရွာ၏အရှေ့ဖက် ၂ မိုင်ခန့်ကွာဝေးသော လက်ကွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ဒေသခံ ပြည်သူ ၂ ဦးသေဆုံးသွားခြင်းဖြစ် သည်ဟု သိရျိရသည်။

“သူတို့က သူတို့မှာရှိတဲ့ ကျွဲ၊ နွားတွေကို စိတ်မချလို့ သွားကြည့်ကြတာပါ။ ကျွဲ၊ နွားတွေကို အစာကျွေးပြီးတော့ ပြန်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သွားတာပါ။ နှစ်ယောက်အတူ ကျတာမဟုတ်ဘူး။ သူတို့နှစ်ယောက်စလုံးကို ရွာသားတွေက သယ်ယူဖို့လုပ်နေပါတယ်။ သူတို့ လက်နက်ကြီးကျည်ထိမှန်တဲ့ နေရာက မတူဘူး။ ကျနော်တို့ ရွာအနားမှာ သုံးလုံးကျတယ်။ နောက်တစ်လုံးကတော့ ဘုရားတောင်မှာ ကျပါတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ် တပ်ရင်း တို့မှ အနီးနားကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း ဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယင်းကဲ့သို့ သေဆုံးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှလည်း ပြောသည်။

“အခုလည်း လက်နက်ကြီးတွေ ဆက်ပစ်နေပါတယ်။ ဒီကနေ့ မနက်ပိုင်းမှလည်း ပစ်တယ်။ မနေ့ ကဆိုရင် ဆက်တိုက်ပစ်တယ်။ လက်နက်ကြီးက ၅၅၀ က ပစ်ပါတယ်။ ရွာသားတွေကလည်း လက်နက်ကြီးပစ်သံတွေကြောင့် ကြောက်လန့်ပြီးတော့ ဗုံးခိုကျင်းမှာ ပုန်းခို နေကြရပါတယ်။ အပြင်ကိုလည်း ဘယ်သူမှ မထွက်ရဲကြဘူး”ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေကလည်း စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး သက်ကြီးရွယ်အိုများပါမကျန် ကျေးရွာသား ၁၀ ဦးကို သတ်ဖြတ်ခဲ့ကာ နေအိမ် ၇ လုံးကိုလည်း မီးရှို့သွားခဲ့သည်။

ထို့အပြင် ယမန်နေ့က စစ်ကောင်စီတပ်ချထားသော ကွမ်းတောင်၊ ၅၅၀၊ ပါဒလိပ်စသည့် နေရာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်လေယာဉ်၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးနှင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ထိုဒဏ်ရာရရှိသူ ၄ ဦးထဲမှ အိုင်ဒင်ကျေးရွာသား ဆယ်တန်းကျောင်းသူ မောင်စိုးဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

(Western News- WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article