ရန်ကုန်၊ နိုဝင်ဘာ ၁၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲတွင် ပျူစောထီးများ လိုက်ပါသော ကား မိုင်းဆွဲခံရပြီး ပစ်ခတ်တိုက် ခိုက်ခံရသဖြင့် ပျူစောထီး ၅ ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ နံနက်ပိုင်း၊ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇီးတောစံပြကျေးရွာမှ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ၀င်းမြင့်အောင် နှင့် အဖွဲ့ဝင်များလိုက်ပါသော ကားသည် အောင်မိုးလမ်းခွဲတွင် မိုင်းဆွဲခံရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုအပြီးတွင် ဝင်းမြင့်အောင်အပါအဝင် ပျူစောထီး ၅ ဦးလုံး သေဆုံးသွားကြောင်း သိရှိရသည်။
“ကျနော်တို့ဘက်တော့ ပစ်ခတ်မှုဖြစ်တာနဲ့ မိုင်းဆွဲတာတော့ ဟုတ်တယ်။ အမျိုးသမီး ၂ ဦး မီးရှို့အသတ်ခံရတာလည်း သေတယ်ဗျ။ အခြေအနေတွေက ညပိုင်းအနီးအနားကျေးရွာတွေကို စစ်ကြောင်းဝင်မှာ ကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနောက် စစ်တပ် စစ်ကြောင်းများက အောင်မိုးလမ်းခွဲသို့ ရောက်ရှိလာပြီး ထန်းသီးမုန့်ရောင်းသူ ဈေးသည်တစ်ဦးနှင့် ခရီးသည်လာရောက်ကြိုဆိုသူ အမျိုးသမီး တစ်ဦး တို့ကို ဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသမီး (၂) ဦးကို သေနတ်ဒင်များနှင့် ရိုက်နှက်နှိပ်စက်ကာ ဓါတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း၊ ထန်းသီးမုန့်သည် အမျိုးသမီးမှာ မမာမာမြင့် ဟုသိရပြီး၊ ကျန်တစ်ဦးမှာ အမည် မသိရသေးကြောင်း Yesagyo Township INFO Committee ထံမှ သိရှိရသည်။