ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျက်သရေချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကျက်သရေချောင်းရွာကို မီးရှို့ပျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးကျော်၊ စပါးတိုက် ၅ တဲနှင့် ဆိုင်ကယ်တို့ မီးလောင် ပြာကျခဲ့ကာ နွား ၂ ကောင်ကိုလည်း ပစ်သတ်သွားကြောင်း သိရသည်။
“ထီးချိုင့်မြောက်ပြင် ကျက်သရေချောင်းရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မိနစ် လောက်က စရှို့နေတာ ပြည်သူတွေ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ နေအိမ် ၁၅ လုံးကျော် မီးလောင်ပြာကျသွားတယ်။ စပါးတဲ ၅ တဲနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ တည်တောရွာကို လှမ်းပစ်လို့ ပြည်သူ အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည် ခြေထောက်ကို ထိမှန်တယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကျက်သရေချောင်းရွာကို ဝင်ရောက်စီးနင်း မီးရှို့သောကြောင့် အနီးအနား ဝန်းကျင်ရှိ ပေါက်ကုန်းရွာ၊ သခွတ်ချောင်ရွာနှင့် တည်တောရွာမှ ပြည်သူ ၂ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် တည်တောရွာမှ အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။