ရန်ကုန်၊ နိုဝင်ဘာ ၁၁
မွန်ပြည်နယ်၊ ဘီးလင်းတိုးဂိတ်ဟောင်းတွင် စစ်ကား ၁၃ စီးပါ စစ်ယာဉ်တန်း ဖြတ်သန်းစဉ် KNLA ၊ PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ဘီးလင်းတိုးဂိတ်ဟောင်းသို့ ဖြတ်သန်းလာသော စစ်ကောင်စီတပ်မှ ကား ၁၃ စီးပါ စစ်ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကား ၁၃ စီးလုံး ထိမှန်ပြီး စစ်တပ်ဘက်မှ အထိနာသွားကြောင်း၊ ဒရုန်းများဖြင့် ဗုံးကျဲချရာတွင် ဒရုန်း ၂ စီးမှာ ပစ်ချခံလိုက်ရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကဆိုသည်။
“စစ်ကား ၁၃ စီးလုံးထိတယ်။ ဒီဘက်က ၄၀ မမတွေ နဲ့ချည်းပဲ ပစ်တာ။ ဒရုန်းတွေနဲ့ ဗုံးတွေကျဲချတယ်။ တိုက်ပွဲကတော့ နှစ်ဖက် အပြန်အလှန်ပစ်တ်မှုဖြစ်တာ။ ဗုံးကျဲတဲ့ ဒရုန်းနှစ်စီးတော့ ပစ်ချခံလိုက်ရတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူး။ စစ်တပ်ဘက်ကတော့ လူနာတင် ၅ စီးနဲ့ အခေါက်ခေါက်ကျော့ပြီးသယ်တယ်။ ၂၀ လောက်တော့ အနည်းဆုံး အထိအခိုက် သေဆုံးမှုရှိနိုင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ပစ်ချခံလိုက်ရသည့် ဒရုန်းနှစ်စီးသည် တန်ဖိုးအားဖြင့် သိန်း ၂၆၀ ခန့် ပေါက်စျေးရှိပြီး စစ်တပ်က ဒရုန်းပစ်ချသည့် လက်နက်ဖြင့် ပစ်ချခြင်းဖြစ် ကြောင်း သိရှိရသည်။
ဒေသခံတစ်ဦးကမူ “စစ်ကား ၃ စီးလောက်ကတော့ပိုးလိုးပက်လက် လန်သွားတာ။ စစ်သားတွေ လဲပြိုနေတာပဲ။ စစ်တပ်ဘက်က အသေအပျောက်များတယ်ပြောတယ်။ လူနာတင်ကားတွေက သထုံကရော ဘီးလင်းကရော လာတာ အများ ကြီးပဲ” ဟု ပြောဆိုသည်။
မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းဒေသသည် KNU တပ်မဟာ ၁ နယ်မြေ ဖြစ်ပြီး လက်ရှိတွင် PDF တပ်ဖွဲ့များ၊ LDF တပ်ဖွဲ့များအပါအဝင် ဒေသကာကွယ်ရေးတပ်များအားလုံး KNLA ၏ ကွပ်ကဲမှုအောက်တွင် စုပေါင်း ၍ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံ တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)
Photo- AFP။