ရန်ကုန်၊ နိုဝင်ဘာ ၁၂
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ စစ်ကောင်စီတပ် စခန်းချထားသော ဘောကထာကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီတပ်၏ ဘောကထာကျေးရွာစခန်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ အထိနာနေသဖြင့် ဘောကထာကျေးရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း သိရှိရသည်။
“ရွှေကျင်ဘက်မှာ အခုတိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တပ်က ဟပ်စကီးတွေနဲ့ လာပစ်တယ်။ အခုချိန်အထိတော့ ပစ်နေကြတုန်းပဲ။ ဟပ်စကီးကတော့ ပစ်ပြီးတော့ တော့ပြန်သွားပြီ။ တိုက်ပွဲဆက်ဖြစ်နေတာ လက်နက်ကြီး အသံတွေရော၊ လက်နက်ငယ်သံတွေပါကြားနေရတုန်းပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး အခြေ အနေ အသေးစိတ်မသိရသေးကြောင်း၊ စစ်တပ်ဘက်မှ BGF တပ်များ ဝင်ရောက် ပါဝင်ကူညီနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ယခင်ရက်ပိုင်းအတွင်း သေ့ဘောဘိုးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း။
