25 C
Yangon

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လတ်တလောဖြစ်ပွားခဲ့သည့် ဒေသ မတည် ငြိမ်မှုအခြေနေတို့ကြောင့် ကျေးရွာ ၅ ရွာမှ လူဦးရေ ၂၀၀၀ ကျော်ခန့် ဘေးလွတ်ရာတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။

တိမ်းရှောင်နေရသည့် ကျေးရွာများမှာ တန်ပတ်လှန်း၊ ချောင်းဝ၊ ဆင်အင်းကြီး၊ ပဒေသာ ရွာသစ်၊ ပဒေသာရွာဟောင်း၊ အထုတ်သည် စသည့်ကျေးရွာများမှ ရွာလုံးကျွတ်တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ထိုသို့တိမ်းရှောင်နေကြသူများမှာ နီးစပ်ရာတွင် အသီးသီးခိုလှုံ့နေကြရခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော်ခန့်ရှိလာပြီဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီကယ်ဆေးရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

“နီးစပ်ရာတွေမှာပဲ အသီးသီးခွဲပြီးနေကြရတာပေါ့။ တစ်စုတပေါင်းတည်းမျိုးတော့ မဟုတ်ဘူး။ ဒီကစာရင်းရထားသလောက်တော့ လူဦးရေ ၂၀၀၀ ကျော်လောက်ရှိနေပါပြီ။ ထပ်တိုးတာတွေလည်း ရှိနိုင်တယ်။ အတည်တကျမဖြစ်နိုင်သေးဘူး” ဟုပြောသည်။

တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာလည်း အဖက်ဖက်မှ ခက်ခဲမှုရှိနေပြီး နေထိုင်စားသောက်ရေးပိုင်များတွင် အခက်ခဲပိုရှိကြသည်ဟု ပဒေသာရွာမှ တိမ်းရှောင်နေရသူ တစ်ဦးကပြောသည်။

“ဒီအနီးနားကရွာတွေကတော့ အကုန်ထွက်ပြေးသွားကြပါပြီ။ ကျနော်တို့မှာ နေစရာအတည်တကျရယ်လို့တော့မရှိပါဘူး။ ဒီလိုပဲ နီးစပ်မှာ ဖြစ်သလိုနေနေကြရတာပါ။ အခက်ခဲရှိတာကတော့အကုန်ပါပဲ။ အဓိကတော့ နေစရာနဲ့ စားသောက်ရေးပိုင်း အဲ့ဒါလေးတော့ အဆင်ပြေချင်တယ်။ ဘာမှမရဘဲ ထွက်ပြေးလာရတဲ့သူတွေလည်းရှိကြတယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားတွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ကား ၂ စီးအား ရက္ခိုင့်တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အဆိုပါဒေသတစ်ဝိုက်အား စစ်ကောင်စီမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းတို့ပြုလုပ်ခဲ့ကြသည်။

ထိုသို့သောအခြေနေများကြောင့် အဆိုပါဒေသတစ်ဝိုက်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ပြီး လက်ရှိ ၎င်းဒေသတစ်ဝိုက်လမ်းကြောင်းများအား စစ်ကောင်စီမှ ပိတ်ဆို့ထားလျက်ရှိရာ စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးရန်လည်း ခက်ခဲလျက်ရှိနေကြသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သည့် စစ်ရှောင် ၆၀၀၀၀ ကျော်ရှိနေသေးပြီး လက်ရှိ ၂၀၂၂ ခုနှစ် ဇူလိုင်လမှစဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲကြောင့်လည်း ထပ်တိုးစစ်ရှောင်ဦးရေများမှာ ပိုမိုများပြားလျက်ရှိလာနေသည်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article