25 C
Yangon

မင်းအောင်လှိုင် ပြင်ဦးလွင်သို့ လာရောက်စဉ် ဆိုင်ခန်းများ မမြင်လိုဟု စကားကြောင့် ဆိုင်ခန်း ၁၀၀ နီးပါး ဖယ်ရှားခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

အကြမ်းဖက်မင်းအောင်လှိုင်က ပြင်ဦးလွင်သို့ လာရောက်စဉ် ဆိုင်ခန်းတန်းလျားများကို ကားပေါ်မှ မြင်တွေ့ပြီးနောက် ယင်းဆိုင်ခန်းများကို မမြင်လိုကြောင်း မှတ်ချက်ပြု စကားကြောင့် ဆိုင်ခန်း ၁၀၀ နီးပါးကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှားခိုင်းနေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် လမ်းဦးစီးဌာနပိုင်မြေပေါ်ရှိ နှစ် ၃၀ အုံနာဘုတ်နှင့် ရောင်းချထားသည့် ဆိုင်ခန်းများကို မင်းအောင်လှိုင် သွားလာနေသည့် လမ်းကြောင်းပေါ်တွင် ရှိနေ၍ အတင်းအကျပ် ဖယ်ရှားခိုင်းနေပြီး မဖယ်ရှားပါက နိုဝင်ဘာ ၂၅ ရက်နေ့တွင် အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ဆိုင်ခန်းပိုင်ရှင်များ ထံမှ စုံမ်းသိရှိရသည်။

“ကျွန်တော်တို့က နှစ်လည်း မပြည့်သေးဘူး ။ သူတို့ရဲ့ စာက ထုတ်တာ မြို့နယ်ရုံးနဲ့ခရိုင်ရုံးက ထုတ်တယ်ဆိုတဲ့ ဒီနှစ်ရွက်ထဲနဲ့ပဲ လာတယ်။ အထက်က မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက် ၊ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ဆိုပြီးလုပ်နေတယ်။ တစ်ချိန်လုံး မင်းအောင်လှိုင် အတွက်ကြောင့်ဆိုပြီး ကျွန်တော်တို့ကို လာလာပြီး ပြောနေတာက ကျွန်တော်တို့ လုံးဝ အဆင်မပြေဘူး။ မင်းအောင်လှိုင်ရဲ့ အမိန့်အရဆိုပြီး ပြောတယ် ။ အထက်က လူကြီးလမ်းကြောင်းပေါ်ဖြစ်နေတဲ့အတွက် ဖျက်ခိုင်းတာပါလို့ ပြောတယ်” ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ခန်းများကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခု ဖျက်သိမ်းခိုင်းသည့် လမ်းဦးစီးဌာနရှိ ဝန်ထမ်းကိုယ်တိုင် အုံနာဘုတ်များနှင့် ရောင်းခဲ့ခြင်းဖြစ်ပြီး နှစ် ၃၀ သက်တမ်းနဲ့ ရောင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းစုစုပေါင်း ၇၆ ခန်းဖြစ်ပြီး လူဦးရေ ၂၀၀ ကျော် ရှိနေသည့် ဆိုင်ခန်းများဖြစ်ကြောင်း၊ သက်တမ်း ၁၀ နှစ်ကျန်သေးသော်လည်း ယခုကဲ့သို့ အတင်းအဓမ္မ ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ခန်း ပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ပထမစာမှာ ကျွန်တော်တို့ကို သူတို့က တိုက်ခန်းလစာ ကောက်ခံခြင်းမရှိသောကြောင့်ဆိုပြီး ဖယ်ခိုင်းတယ်နော် ကျွန်တော်တို့ တိုက်ခန်းလစာကို ၂၀၁၈ ခုနှစ် ၉ လပိုင်းတုန်းက သွားသွင်းတယ်။ သူတို့ အဲဒီကနေ စပြီးတော့ လက်မခံပါဘူး။ သူတို့ဘာသာ သူတို့ လက်မခံတာပါ။ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါသွားသွင်းပါတယ်။ သူတို့က လက်မခံတာပါ။ အခုလည်း ကျွန်တော်တို့က လစာ ပြန်ပေးဆောင်ဆို ပေးဆောင်ပါတယ်။ သူတို့က ဒါကို လက်မခံဘဲနဲ့ သက်သက်မဲ့ ညစ်နေတာပါ” ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

အဆိုပါ ဆိုင်ခန်းများကို ဆောက်လုပ်ပြီးနောက် ဝန်ကြီးဌာနနှင့် မူလ အရာရှိဟောင်းများကို ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် အနည်းဆုံး သိန်း ၇၀ မှ ၂၀၀ ကျပ်အထိ တန်ဖိုးသတ်မှတ်၍ ရောင်းချသွားခြင်းဖြစ်ကြောင်း၊ လက်ရှိ ဆိုင်ခန်းဝယ်ယူထားသူများမှာ သိန်း ၂၀၀ ဝန်းကျင် ပေး၍ ဝယ်ယူထားသူများဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article