ရန်ကုန်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက် မြန်မာ့စီးပွားရေးဘဏ်အရှေ့တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နိုဝင် ဘာ ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TBK ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာ့ စီးပွားရေးဘဏ်အရှေ့ရှိ ဘန်ကာတွင် စောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီဝင် တစ်ဦးကို ၈ ပေခန့်အကွာအထိ သွားရောက်ကာ သေနတ်ဖြင့် ၅ ချက်တိတိပစ်ခတ်ခဲ့ကြောင်း၊ စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မြောက်ဘက်ဘန်ကာမှ သေနတ်မောင်းတင်၍ ထွက်လာသည့် စစ်ကောင်စီဝင်များ ရှိသည့် နေရာကိုလည်း ဗုံးတစ်လုံး ပစ်ခဲ့၍ ပေါက်ကွဲမှုကြောင့် ၃ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်းပြောက် ကျားတပ်ဖွဲ့ နှင့် M.T Black Dragon People Defence Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲဘော်များလည်း အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“ကျွန်တော်တို့ နောက်ထပ် Mission တွေ ဆက်ပြီးတော့ လုပ်ဖို့အတွက်ကို TBK တောဆင်ရိုင်းတပ်ဖွဲ့ကို နိုင်သလောက် ၅၀၀ ၊ ၁၀၀၀ က စလို့ Page Messenger က ဆက်သွယ်လှူဒါန်းပေးကြပါ” ဟု TBK တောဆင်ရိုင်းပြောက် ကျားတပ်ဖွဲ့၏ ဘဏ္ဏာရှာဖွေရေးနှင့် သတင်းတာဝန်ခံ ဗိုလ်မျက်ပြူးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။
ရွှေဘိုမြို့ခံတစ်ဦးကလည်း ပစ်ခတ်မှု ဖြစ်သွားသည်မှာ မှန်ကန်ပြီး မြန်မာ့စီး ပွားရေးဘဏ် အစောင့် ၁ ဦး သေဆုံးသွားကြောင်း ပြောဆိုသည်။
“မြန်မာ့ စီးပွားရေးဘဏ် အစောင့်၁ ဦး ကြွသွားပြီ ။ရွှေဘိုမြို့ထဲ အသွားအလာဂရု စိုက်ပေးကြပါ။ စီးပွားရေး ဘဏ်ရှေ့ ပစ်ခတ်မှုဖြစ်တာ” ဟု ရွှေဘိုမြို့ခံတစ်ဦး ပြောသည်။
ဓာတ်ပုံ- ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။