ရန်ကုန်၊ နိုဝင်ဘာ ၁၃
အရှေ့အလယ်ပိုင်း၊ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် အိမ်ဖော်လုပ်ရန် နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီက ပို့ဆောင်လိုက်သော မြန်မာအမျိုး သမီး ၄ ဦးဖြစ်သည့် မခင်မိုးမြင့်၊ မနွဲ့ရီဝင်း၊ မစပယ်စိုး၊ မတိုးတိုးလွင်တို့မှာ ဧပြီလကတည်းက ဒူဘိုင်းသို့ ရောက်ရှိခဲ့သော်လည်း ယခုတိုင် အလုပ်မရရှိဘဲ ဒူဘိုင်းအလုပ်သမား အေဂျင်စီအခန်းတွင်းပိတ်လှောင်ထားပြီး တစ်နေ့လျှင် နံပြား ၂ ချပ်သာ စားရကြောင်း အဆိုပါအမျိုးသမီး ၄ ဦးက ပြောသည်။
ဒူဘိုင်းတွင် ပိတ်လှောင်ခံထားရသည့် မခင်မိုးမြင့်သည် နေပြည်တော်မှဖြစ်ပြီး မတိုးတိုးလွင်နှင့် မနွဲ့ရီဝင်းသည် ဧရာ၀တီ တိုင်း၊ ဓနုဖြူမြို့မှ ဖြစ်ကြောင်း၊ မတင်ချိူမြင့်သည် ရခိုင်ပြည်နယ်မှဖြစ်ကြောင်း သိရှိရသည်။
ဒူဘိုင်းတွင် အိမ်ဖော်အလုပ်လုပ်ရန် ရောက်ရှိခဲ့သော်လည်း အလုပ်မရသဖြင့် အေးဂျင့်က ပိတ်လှောင်ထားခြင်းဖြစ်ပြီး တစ်နေ့လျင် နံပြား နှစ်ချပ်သာ ကျွေးကြောင်း၊ မြန်မာနိုင်ငံပြန်လိုသော်လည်း လျှော်ကြေး သိန်းရာချီပေးမှ ပြန်ခွင့်ပြုမည်ဆိုသဖြင့် ဒုက္ခရောက်နေကြကြောင်း၊ မတိုးတိုးလွင်သည် အိမ်ဖော်အလုပ်ကို ခဏ လုပ်ခွင့်ရပြီး အိမ်ရှင်က မကြိုက် နှစ်သက်၍ ပြန်ပို့ချိန် နေမကောင်းဖြစ်ကာ စိတ်ဝေဒနာပါ ခံစားနေရကြောင်း သိရှိရသည်။
“၄ လပိုင်းကတည်းက ဒူဘိုင်းရောက်ခဲ့ပြီး အခုချိန်ထိ အလုပ်မရသေးဘဲ အခန်းထဲ ပိတ်ခံထားရပါတယ္။ တိုးတိုးလွင်က အိမ်ရှင်ရခဲ့ပေမယ့် အိမ်ရှင်က ပြန်ပို့လိုက်တဲ့ နေ့ကစပြီး နေမကောင်းဖြစ်တာ စိတ်ရောဂါပါ ခံစားနေရတယ်။ အဲဒါကို အေးဂျင့်ကို ပြောပြတော့ ပြန်ခေါ်ပေးမယ့် လျှော်ကြေးမပေးရဘူးပြောတယ်။ တစ်လ လည်း မခေါ်၊ ၂ လလည်း မခေါ် ၊ ၃ လလည်း မခေါ်လို့ မိဘတွေက သွားညှိနှိုင်းတော့ အေးဂျင့်မက အကုန် Block ပြီး ရှောင်သွားတယ်။ အခန်းထဲ ပိတ်ထားခဲ့တယ်။ တစ်နေ့ကို နံပြား ၂ ခုသာ စားရတဲ့ အပြင် နေမကောင်းတဲ့ မိန်းက လေးပါ ဆေးမကုပေးဘဲ ဒီအတိုင်းထားတယ်” ဟု အိမ်အကူအမျိုးသမီးများ၏ အကူအညီတောင်းချင်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
မြန်မာပြည်မှ အိမ်ဖော်များကို ဒူဘိုင်းနှင့် အိုမန်သို့ ပို့ဆောင်နေသည့် နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီသည် သင်္ဃန်းကျွန်းမြို့နယ်၊ သမာဓိ ၂ လမ်းတွင် တည်ရှိကြောင်း သိရှိရသည်။
နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီ၏ ပို့ဆောင်ပေးမှုဖြင့် ဒူဘိုင်းသို့ အိမ်ဖော်အဖြစ် သွားရောက်ခဲ့သူ မစုလှိုင်နွယ်သည် အိမ်ရှင်၏ ရိုက်နှက်မှု ဒဏ်ခံရသဖြင့် အဆင်မပြေခဲ့ကြောင်း၊ ထို့ကြောင့် လျှော်ကြေး ၇၄ သိန်းပေး၍ မြန်မာပြည်ပြန်ရန် လုပ်ဆောင်ခဲ့သော်လည်း ၁၀ ရက် ကျော်ကြာလာသည့်တိုင် မြန်မာနိုင်ငံ ပြန်မပို့ပေးသေးဘဲ ငွေလိမ်လည်ပုံစံရှိလာကြောင်း သိရှိရသည်။
“အိုမန်မှာရောက်နေတဲ့ မစုလှိုင်နွယ်က မြန်မာပြည်ပြန်ချင်တာ လျှော်ကြေး ၇၃ သိန်း ၆ သောင်းပေးမှ ပြန်ပို့မယ် ပြောလို့ လျော်ကြေး ၇၃ သိန်း ၆ သောင်း ပေးခဲ့ပေမယ့် ၁၀ ရက်ရှိပြီ ပြန်မပို့ဘူး။ ပိုက်ဆံပေးပြီး ပြန်ဖို့လုပ်တာ။ အိမ်ရှင်က နှိပ်စက်လို့ ပြန်မှာကို အေဂျင်စီဆီ ပြန်ရောက်တော့လည်း အေဂျင်စီက ကောင်တွေက ထိုးကြိတ်ရိုက်နှက်တယ်” ဟု ဒုက္ခရောက်နေသူ အိမ်အကူများကို ကူညီပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြေဆိုသည်။
ဓာတ်ပုံများ- ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် အိမ်ဖော် မြန်မာ ၄ ဦး။ နှိပ်စက်ခံထားသည့် အိမ်ဖော် မစုလှိုင်နွယ်၏ လက် အပူဖြင့် အကပ်ခံထားရစဉ်။ အိုမန်နှင့် ဒူဘိုင်းသို့ အိမ်ဖော် မြန်မာအမျိုးသမီးများ တရားမဝင်တင်ပို့နေသည့် သင်္ဃန်းကျွန်း၊ သမာဓိ ၂ လမ်းမှ နိုင်ဝတ်မှုန် အမည်ရ အေဂျင်စီလုပ်ကိုင်နေသူ ၂ ဦး။