ရန်ကုန်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့ရှိ ဗိုလ်ချုပ်လမ်း ညောင်ရိပ်သာရပ် မီးကင်းတဲအနီး အကြမ်းဖက် စစ်တပ် ခြေလျင်အဖွဲ့နှင့် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်ကောင်စီ တပ်သားများ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Black Dragon Special Task Force၊ Monywa Ranger Armyနှင့် Farmers Revolution Force (FRF UG တပ်ရင်း)တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ၄၀ မမ၊ လက်နက်ငယ်များ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၂) တပ်ရင်းတို့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စတင်ကာ တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အမှတ် ၁၁၀၂ တပ်ရင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ပေါင်မြို့နယ် မူးနိုင်း ရပ်ကွက် ဥက္ကဌ ကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။