ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စစ်ကားဗုံးပစ်ခံရပြီး မီးလောင်သည့်အပြင် ဗုံးပေါက်ကွဲမှုများပါ ထပ်မံ ဖြစ်ပွားကြောင်း လှိုင်မြို့နယ်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ် လှိုင်မြို့နယ် ဘူတာရုံလမ်းအနီးတွင် ဗုံးနှစ်ကွဲပေါက်ကွဲခဲ့ပြီး စစ်ကား တစ်စီး မီးလောင်သဖြင့် ဗဟိုလမ်းကို ပိတ်ဆို့ထားကြောင်း၊ စစ်ကား ဗုံးပစ်ခံရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း၊ ထို့ပြင် ည ၉ နာရီ ၅ မိနစ်အချိန်တွင် ဗုံးထပ်မံပေါက်ကွဲကြောင်း သိရှိရသည်။
“ဗုံးနှစ်လုံးကွဲပါတယ်။ ဒီည ၇ နာရီ ၂၀ မိနစ် ။ လှိုင်မြို့နယ် စီးကရက်ဆေးရုံနောက်တွင် စစ်ကား၁စီးလက်ပစ်ဗုံးဖြင့်ပစ်ခံရတယ်ပြောတယ်။ ဆေးရုံကား၂စီးရောက်လာပါတယ်။ ပစ်ခတ်သံကြားရတယ်။ သေနတ်ထိပြီး ဒဏ်ရာရရှိသူ ၁ယောက်ကို အောင်မေတ္တာလမ်းမကြီး ၁ ရပ်ကွက် လွင်ဆေးခန်းမှာ လာရောက်ကုသနေတုန်း ဖမ်းဆီးခံရတယ်။
ဒဏ်ရာရရှိသူ က ၃ချက်ရတယ်။ သွေးထွက်လွန်နေတယ်။ ဒဏ်ရာရရှိသူအဖမ်းမခံရခင် ၂ယောက်ကိုရိုက်ပြီးခေါ်ဆောင်လာတယ်” ဟု သိရှိရသည်။
စစ်ကားဗုံးပေါက်ကွဲပြီးနောက် လှိုင်မြို့နယ် ၅ ရပ်ကွက်ရှိ အထပ်မြင့်တိုက်များ မီးပိတ်ခိုင်းပြီး ထွက်မကြည့်ရန် တိုက်တွန်းကြောင်း၊ လှိုင်မြို့နယ် ၈ ရပ်ကွက် လမ်းရှေ့ နှင့် ဘူတာရုံလမ်းများတွင် အကြမ်းဖက် အင်အားအများအပြားရောက်နေပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသသတင်းရင်းမြစ် Hlaing Info က သတင်းဖော်ပြသည်။
လှိုင်မြို့နယ်၊ စစ်ကားဗုံးခွဲခံရမှုတွင် လူသေဆုံးမှု ရှိသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျ မသိရသေးဟု လှိုင်မြို့ခံတစ်ဦးက ပြောသည်။
“စစ်ကား ဗုံးပစ်ခံရတာ လူသေတာတွေ့တယ်လို့လည်းကြားတယ်။ ဒါပေမယ့် သေချာမသိဘူး။ အပြင်လည်း ထွက်မကြည့်ရဲဘူး”ဟု လှိုင်ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး သာကေတတွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း၊ ဗိုလ်တထောင်တွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။
ထို့အတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် လှိုင်သာယာမြိုနယ်၊ ၂ ရပ်ကွက် ၊ အောင်မင်္ဂလာမြိုပတ်လမ်းရှိ ရဲဝန်ထမ်းလိုင်းခန်းကို War of Hunter Revolution Force – WOH အဖွဲ့က အဝေးထိန်းဗုံး ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ACPLF Ranger ၏ အကူအညီဖြင့် Attack Ranger Force က ဗုံးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ပိတ်ဆို့စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)