ရန်ကုန်၊ နိုင်ဝင်ဘာ ၁၃
မန္တလေး၊ မတ္တရာမြို့နယ်တွင် ကျေးရွာများကို မီးရှို့ပြီး ပြန်လာသော စစ်ကား ၅ စီးကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကင်းကျေးရွာ၌ တပ်စွဲနေထိုင်သည့် အင်အား ၇၀ ကျော်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး စစ်ကား ၅ စီးဖြင့် ပြန်လာစဥ် ကြပ်ပြင်ကျေးရွာနှင့် မြောင်းဦးကျေးရွာ အကြား ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့နှင့် နဂါးညီ နောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီးရှိ ရဲကင်းကို ၄၀ မမ ဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၈ မိနစ်ခန့်တွင် ဝမ်ပေါင် ကုမ္ပဏီ ခြံစည်းရိုးမြောက်ဘက် ရန်မျိုးအောင်ဘုရားအနီးရှိ ရဲကင်းကို ဆားလင်းကြီး အခြေစိုက် မြန်မာ့တော်ဝင် နဂါးတပ်တော် တပ်ခွဲ (MRDA- SALINGYI)မှ ၄၀ မမ အသီးဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် သေဆုံးသွားသည့် ရဲ ၂ ဦး၏ လက်နက်များ ကောက် ယူရန် ကြိုးစားခဲ့ သော်လည်း အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်သားများ ရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MYANMAR’S ROYAL DRAGON ARMY (M.R.D.A)က ထုတ်ပြန်ထားသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ထန်းကြီးရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာက ထန်းကြီးရွာနဲ့ ကျောင်းဖြူရွာကြားမှာ ဖြစ်တာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကတော့ အတော်များတယ်။ တပ်ရင်းအဖွဲ့တွေလည်းပါတယ်။ မတ္တရာ ပကဖ အဖွဲ့တွေရောပါတယ်။ စစ်ခွေးတွေကတော့ အလူးအလဲကို ခံရတယ်။ လက်နတ်ကြီးတွေကို အများကြီးအသုံးပြုတယ်။ ကိုယ့်ဘက်ကတော့ ၂ဦး မစိုးရိမ်ဒဏ်ရာရတယ်။ စစ်ခွေးတွေ ဘက်ကတော့ ကျွန်တော်တို့ အဖွဲ့ကမြင်လိုက်ရတာ ၃ကောင်သေတယ်။ အခြားအဖွဲ့တွေပစ်လို့ လည်းသေတာတွေရှိနိုင်သေးတယ်။ ကိုယ်မြင်လိုက်ရတာဘဲပြောရတာပါလို့” ဟု ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ကျားကြီးက ပြောဆိုသည်။
ဓာတ်ပုံ- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အထူးကွန်မန်ဒို တပ်ဖွဲ့ တပ်ရင်း ၇၀၃ မှ ရဲဘော်များ။