ရန်ကုန်၊နိုဝင်ဘာ ၁၄
မြိုင်မြို့နယ် ကန်ကလေးရွာကို မီးရှို့ပြီးပြန်လာသည့် အကြမ်းဖက်စစ်တပ်ကို ရွာအနောက်ဘက် ၃ဖာလုံ အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်အချိန်ခန့်က ဖောကားတစ်စီး ကားအသေးတစ်စီး ဆိုင်ကယ် နှစ်စီးအပါအဝင် ခြေလျင်ပြန်ဝင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ခိုက်မှုလည်းဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်တပ်ဘက်မှ ၅ဦးထက်မနည်းသေဆုံးရခဲ့ကြောင်း သိရသည်။သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ အလောင်းကို ဖောကားဖြင့်တင်ဆောင်ကာ သရက်ကန်ရွာကို ပြန်လှည့်သွားကြောင်း သိရသည်။
ကျန်ဒဏ်ရာရသူများကို စစ်ကောင်စီတပ်ဖြင့်ပါလာသည့် ပျူစောထီးများက လုံခြုံရေးပေးပြီး ပခုက္ကူဘက်ကို ခေါ်ဆောင်သွားကြောင်း၊ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ စင်္ကြာကာကွယ်ရေးတပ်ဖွဲ့နှင့် MUGDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မြိုင် ပကဖ တပ်ရင်း၁မှ မြိုင်မြို့မြောက်ဘက်တွင် ဘန်ကာဆောက်အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီ ၊ရဲ ၊ပျုစောထီးများကို ယနေ့ မနက် ၃နာရီတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၁၈မိနစ်ထိကြာအောင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနဲ့ ပျူစောထီး ခေါင်းဆောင် သေဆုံး ခဲ့သည်ဟု စုံစမ်းသိရှိခဲ့ရပြီး ကျန်ထိခိုက်မှုများကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း မြိုင်ပကဖ ထံမှသိရသည်။
ဓာတ်ပုံ-တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် အကြမ်းဖက်စစ်တပ်၏
ဆိုင်ကယ်
